နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Kallayana Vipattipumiprates နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်သည်နှင့်အညီ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ရွေးကောက်ခံအစိုးရမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး အာဆီယံနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အတွက် အရေးကြီးသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း အာဆီယံအဖွဲ့သည် အရေးကြီးသည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နိုင်ငံတကာရှိပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူကာ အိမ်နီးချင်းနိုင်ငံများနှင့်ပါပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများတစ်လျှောက် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မြစ်ရေများညစ်ညမ်းမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍လည်း ၎င်းတို့၏ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:
Post a Comment