နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား နေပြည်တော်အတွင်းရှိ အထင်ကရနေရာများ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်သူ ဆရာ ဆရာမများသည် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများကို သွားရောက်လေ့လာကြည့်ရှုကြသည်။
အဆိုပါလေ့လာရေးအဖွဲ့များမှ
ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ ကျောင်းသား ကျောင်းသူ
လေ့လာရေးအဖွဲ့များသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြပြီး
ပြတိုက်အတွင်းရှိ ကဏ္ဍအလိုက် ပြခန်းပြကွက်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။
“ကျွန်မတို့ ကျောင်းက ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်နဲ့
တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာတာဖြစ်ပါတယ်။ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ
အသိပညာ၊ အတတ်ပညာအတွက် သင်ကြားပေးရုံသာမက အခုလို လက်တွေ့လေ့လာခွင့်ရတဲ့ ခရီးစဉ်တွေကလည်း
ဗဟုသုတများစွာ ရရှိစေပါတယ်။ သမိုင်းဆိုတာ စာအုပ်ထဲမှာ ဖတ်ရှုရုံနဲ့တင် မလုံလောက်ဘဲ
အဲဒီခေတ်ကာလတွေရဲ့ အထောက်အထားတွေကို မြင်တွေ့လေ့လာခွင့်ရတဲ့အခါ ပိုမိုမှတ်မိနားလည်စေပါတယ်။
အခုလိုလေ့လာရေးခရီးစဉ်တွေ ကျောင်းသား ကျောင်းသူတွေအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးစေလိုပါတယ်”
ဟု အထက(၁) ရမည်းသင်းမှ အထက်တန်းပြ ဆရာမ ဒေါ်သီသီဆွေက ပြောကြားသည်။
အဆိုပါလေ့လာရေးခရီးကို
ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍
ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာခဲ့သည့် မြန်မာ့တပ်မတော်၏ သမိုင်းအစဉ်အလာများကို သိရှိနားလည်စေရန်၊
ကျောင်းသင်ခန်းစာများမှရရှိသည့် အသိပညာများကို သမိုင်းဝင်အထောက်အထားများ၊ မှတ်တမ်းဓာတ်ပုံများနှင့်
လက်တွေ့ပြသထားသည့် ပစ္စည်းများမှတစ်ဆင့် ဆက်စပ်လေ့လာနိုင်စေရန်နှင့် ကျောင်းပြင်ပဗဟုသုတများတိုးပွားစေရန်
ရည်ရွယ်သည်။
“ကျွန်မက ပြတိုက်ကို
ပထမဆုံးအကြိမ် လာရောက်လေ့လာခွင့်ရတာဖြစ်ပါတယ်။ ကျွန်မက ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းကို
စိတ်ဝင်စားသူဖြစ်တဲ့အတွက် အခုလို စာအုပ်ထဲမှာ ဖတ်ရှုခဲ့ရတဲ့ သမိုင်းအကြောင်းအရာတွေကို
ကိုယ်တိုင်မျက်မြင်တွေ့ရှိ လေ့လာခွင့်ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်။ လက်တွေ့လေ့လာကြည့်ရှုရတဲ့အခါ
အရင်ကမသိရှိခဲ့တဲ့ အကြောင်းအရာတွေကိုပါ သိရှိခွင့်ရတယ်။ သူငယ်ချင်းတွေနဲ့အတူ အတူလေ့လာခွင့်ရတာမို့
ပျော်စရာကောင်းပြီး မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။” ဟု အလက (၁) တပ်ကုန်းမှ
Grade 8 ကျောင်းသူ မစုမြတ်နိုးက ပြောကြားသည်။
ထို့ပြင် မြန်မာ့တပ်မတော်၏
သမိုင်းကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကိုလည်း ကြည့်ရှုခဲ့ကြပြီး
စာအုပ်စာပေများတွင် ဖတ်ရှုလေ့လာခဲ့ရသည့် သမိုင်းအကြောင်းအရာများကို ရုပ်ပုံမှတ်တမ်းများနှင့်
တွဲဖက်သိရှိခွင့်ရခဲ့ကြသည်။
“တပ်မတော် စစ်သမိုင်းပြတိုက်
တာဝန်ရှိသူတွေက ပြခန်းတစ်ခုချင်းစီရဲ့ သမိုင်းကြောင်းနဲ့ ပြသထားတဲ့ပစ္စည်းတွေရဲ့ အကြောင်းအရာတွေကို
အသေးစိတ်ရှင်းပြပေးတဲ့အတွက် စာပေအကြောင်းအရာတွေမှာ သင်ယူလေ့လာသိရှိတဲ့ အကြောင်းအရာတွေအပြင်
မသိရှိရသေးတဲ့ သမိုင်းအကြောင်းအရာတွေကိုပါ လက်တွေ့သိရှိနားလည်ခွင့်ရခဲ့တယ်။ လေ့လာကြည့်ရှုတဲ့အထဲမှာ
ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ လက်နက်တွေရဲ့ ပုံစံနဲ့ပြောင်းလဲတိုးတက်လာပုံတွေကို လေ့လာခွင့်ရတာ
သဘောကျနှစ်သက်ပါတယ်။ နိုင်ငံအတွက် တပ်မတော်သားတွေ စွန့်လွှတ်ကြိုးပမ်းမှုတွေကို သိရှိခဲ့ရတဲ့အတွက်
ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံအတွက် တတ်နိုင်သမျှ ကြိုးစားသွားချင်တဲ့စိတ်
ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ပျဉ်းမနားမြို့နယ် ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ
Grade 11 ကျောင်းသား မောင်မျိုးပြည့်ဟိန်းက ပြောကြားသည်။
အဆိုပါလေ့လာရေးခရီးစဉ်သည်
ကျောင်းသား ကျောင်းသူများအတွက် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်း၊ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာမှုများနှင့်
သမိုင်းဝင်အထောက်အထားများကို ကိုယ်တိုင်မြင်တွေ့လေ့လာခွင့်ရရှိစေခဲ့သည့်အပြင် စာတွေ့သင်ယူမှုနှင့်
လက်တွေ့လေ့လာမှုတို့ကို ဆက်စပ်နားလည်စေပြီး သမိုင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေခဲ့ကြောင်း
သိရသည်။
ထို့အတူ တပ်ကုန်းမြို့နယ်၊
ရမည်းသင်းမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊
မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့မှ ကျောင်းသား
ကျောင်းသူ လေ့လာရေးအဖွဲ့များသည် အမျိုးသားပြတိုက် (နေပြည်တော်)သို့ လေ့လာရေးသွားရောက်ကြသည်။
“အမျိုးသားပြတိုက်ကို
လေ့လာကြည့်ရှုတဲ့အခါ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်တွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
သမိုင်းဝင်ပစ္စည်းတွေကို စုစည်းထားတဲ့နေရာအဖြစ် လက်တွေ့သိရှိနားလည်ခဲ့ရတယ်။ အထူးသဖြင့်
အင်းဝခေတ်ပြခန်း၊ မြန်မာ့ဆိုင်းဝိုင်းပြခန်း၊ ပန်းချီပြခန်း၊ လက်ဆောင်ပစ္စည်းပြခန်းတွေနဲ့
သမိုင်းခေတ်အဆက်ဆက် ပြခန်းတွေကို စိတ်ဝင်စားလို့ ပိုပြီးကြည့်ရှုလေ့လာဖြစ်ခဲ့ပါတယ်။
အခုလိုလေ့လာခွင့်ရတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာကြည်နူးမိသလို နောင်မှာလည်း သူငယ်ချင်းတွေနဲ့အတူ
ဗဟုသုတရရှိစေမယ့် လေ့လာရေးခရီးစဉ်မျိုးတွေ သွားရောက်လေ့လာချင်ပါတယ်” ဟု ရေတာရှည်မြို့နယ်ရှိ
အခြေခံပညာအထက်တန်းကျောင်း (မြို့လှ)မှ ကျောင်းသား မောင်ကောင်းမြတ်မင်းကပြောသည်။
အမျိုးသားပြတိုက်သို့
သွားရောက်လေ့လာစဉ် အမျိုးသားပြတိုက် (နေပြည်တော်) မှ တာဝန်ရှိသူများနှင့် ပြတိုက်လမ်းညွှန်ဝန်ထမ်းများက
လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများကို အဖွဲ့များခွဲ၍ ပြတိုက်ဆိုင်ရာ သမိုင်းကြောင်းအကျဉ်းနှင့်
ပြကွက်များအလိုက် ခင်းကျင်းပြသထားမှုအခြေအနေကို လိုက်လံရှင်းလင်းပြသကြသည်။
“အမျိုးသားပြတိုက်ကို
ကျွန်တော့်အတွက် ပထမဦးဆုံးအကြိမ် လာရောက်တာဖြစ်တဲ့အတွက် ပြတိုက်ထဲက ရှေးဟောင်းအမွေအနှစ်တွေကို
လက်တွေ့လေ့လာကြည့်ရှုခွင့်ရတဲ့အခါ ကိုယ့်နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့အရာတွေကို
စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိအမြင်ကို ခံစားရရှိစေပါတယ်။ ပြတိုက်မှာ
ပြသထားတဲ့ ပြခန်းပြကွက်တွေက ဗဟုသုတအများကြီး ရရှိစေပါတယ်။ ဒီကနေလေ့လာရရှိလာတဲ့ ဗဟုသုတတွေနဲ့
အဖိုးတန်အတွေ့အကြုံသစ်တွေကို သူငယ်ချင်းတွေ သိရှိနိုင်အောင် မျှဝေပြောပြသွားမှာပါ”
ဟု တပ်ကုန်းမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား မောင်ထက်ဘုန်းနိုင်ကပြောသည်။
လေ့လာရေးအဖွဲ့များသည်
အမျိုးသားပြတိုက်အတွင်း ပြသထားသည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊
သမိုင်းတင်ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်းနှင့်
လက်ဆောင်ပစ္စည်းများပြခန်းတို့ကို စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားခဲ့ကြပြီး သိရှိလိုသည်များကို
မေးမြန်းရာ သက်ဆိုင်ရာပြခန်းတာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အလားတူ အောင်မြေသာစံမြို့နယ်၊
ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ
ကျောင်းသား ကျောင်းသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်
တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ သွားရောက်စဉ်
ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြုတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊
အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ အခြားသာသနိကအဆောက်အအုံများကို
စိတ်ဝင်တစား လေ့လာကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
မင်းကျော်စွာ၊
ခင်ဖြူလှိုင်
ဓာတ်ပုံ- အေးသန်း၊
ခင်ဖြူ


No comments:
Post a Comment