အခြေခံပညာအဆင့်
အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့်
အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊
မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီနှင့်
အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်တို့မှ တာဝန်ရှိသူများ၊
ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အနုပညာရှင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပပြုလုပ်မည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁
သို့ ရောက်ရှိလာရာ တာဝန်ရှိသူများ၊ ဘင်ခရာအဖွဲ့များနှင့် ကျောင်းသား၊
ကျောင်းသူများ၊ အနုပညာရှင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်သမ္မတက အခြေခံပညာအဆင့် အာကာသဆိုင်ရာ
ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာ ပြခန်းများဖွင့်ပွဲအခမ်းအနားကို
ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အာကာသနည်းပညာဆိုင်ရာ
ပြခန်းများဖြစ်သည့် အာကာသနှင့် AI နည်းပညာသုံး စိုက်ပျိုးရေးစနစ်ပြခန်း၊ အာကာသနှင့် AI
နည်းပညာအသုံးချပြခန်းရှိ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
စောင့်ကြည့်လေ့လာရေးစနစ်၊ ဂြိုဟ်တုနည်းပညာအသုံးချ Application များ၊ AI နှင့်
အမေးအဖြေကဏ္ဍ၊ AI အသုံးပြု စိတ်ဝင်စားဖွယ်ဂိမ်းများ၊ စက်ရုပ်နည်းပညာပြခန်း၊
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊
အာကာသစူးစမ်းလေ့လာရေးပြခန်း၊ နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရေး
သုတေသနပြခန်းတို့အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ
လှည့်လည်ကြည့်ရှုလေ့လာရာ ပြခန်းအလိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ
တိုးတက်ပြောင်းလဲနေသဖြင့် မိမိတို့နိုင်ငံအတွက်လိုအပ်သည့်
အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင်
အသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့်
သီးနှံအခြေအနေကို သိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး
စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတွင်းရှိ
ရေသယံဇာတအပါအဝင် သဘာဝအရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များရယူကာ
အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ အာကာသနှင့်ပတ်သက်သည့်
ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ အာကာသနှင့် ပတ်သက်သည့် အသိပညာများအား
မျိုးဆက်သစ်လူငယ်မောင်မယ်များ သိရှိနားလည်နိုင်ရေး ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်
လုပ်ဆောင်ပေးခြင်းတို့ဖြင့်လည်း အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာစေရေး
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ယခင်ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် ပန်းချီ၊
ကာတွန်း၊ ပိုစတာလက်ရာများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတက ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေး
များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ အခြေခံပညာအဆင့်
အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို နေပြည်တော်ကောင်စီနှင့်
မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ
အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ
ဖော်ထုတ်ပြသနိုင်ရန် ရည် ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများကို အခြေခံပညာမူလတန်းအဆင့်၌
“အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် ယနေ့တွင်လည်းကောင်း၊ အခြေခံပညာအလယ်တန်း အဆင့်၌
“လူသားနှင့်အနာဂတ်အာကာသ”ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊
အခြေခံပညာအထက်တန်းအဆင့်၌ “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၂
ရက်တွင်လည်းကောင်း ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့တွင်
ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment