Thursday, November 5, 2026

ဒေသဆိုင်ရာကာကွယ်ဆေးနှင့် ပိုလီယိုကင်းစင်ပပျောက်ရေး စောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာအရာရှိများ၏ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၄

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက အဓိကထားဆောင်ရွက်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှုမြင့်မားစေရေးနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပွားမှုအား တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားနိုင်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် တာဝန်ပေးခန့်အပ်ထားရှိသော ဒေသဆိုင်ရာကာကွယ်ဆေးနှင့် ပိုလီယိုကင်းစင်ပပျောက်ရေး စောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာ အရာရှိ (Regional Immunization and Surveillance Officers) များ၏ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ National Certification Committee for Polio Eradication နှင့် National Immunization Techni-cal Advisory Group ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယတိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးခွဲမှ ကိုယ်စားလှယ်များ၊ National Immunization and Surveillance Coordinator (NISC) နှင့် Regional Immunization and Surveillance Officers (RISO)များ တက်ရောက်ကြသည်။

လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားရေး၊ ပိုလီယိုအကြောသေရောဂါ အမြစ်ပြတ်ပပျောက်ရေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ လျော့နည်းပပျောက်ရေး၊ မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါကင်းစင်မှုအခြေအနေ ဆက်လက်ထိန်းသိမ်းနိုင်ရေးအပါအဝင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ကပ်အသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပွားမှုများအား အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် Regional Immunization and Surveillance Officers များမှ မိမိတို့ တာဝန်ကျရာဒေသများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ အောင်မြင်မှုများ၊ ကွင်းဆင်းကြီးကြပ်ရာ၌ တွေ့ရှိရသော အားသာချက်များ၊ အားနည်းချက်၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် သင်ခန်းစာများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက လုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်ရာတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာ ညွှန်းကိန်းများ ပြည့်မီစေရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပိုမိုအကျိုးရှိထိရောက်မှုရှိစေရေးတို့အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment