Friday, November 27, 2026

တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်သူ တရားမဝင် ထိုင်းနိုင်ငံသားများ အပါအဝင် ၃၅ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ



နေပြည်တော် နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များကို တိုက်ဖျက်ရေးပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ အိမ်အမှတ်(ဝက-၉/၅၀၆)၌ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၃၂ လုံး၊ System Box ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ရာ အဆိုပါ ပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကျူးလွန်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို All in One ကွန်ပျူတာ ၁၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
စိစစ်မေးမြန်းချက်များအရ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားများသည် အွန်လိုင်းဂိမ်းတစ်ခုတွင် ကွန်ပျူတာနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာအလုပ်များ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြပြီး ယခုနေရာသို့ ရောက်ရှိနေထိုင်စဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည် တာချီလိတ်မြို့တွင် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးသူတစ်ဦးဖြင့် ချိတ်ဆက်မိပြီး နိုဝင်ဘာလ ၂ဝ ရက်မှစတင်၍ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ၎င်းတို့သည် လူမှုကွန်ရက်များမှတစ်ဆင့် အမျိုးသားပစ်မှတ်များကို ရှာဖွေ၍ အမျိုးသမီးများအဖြစ် ဟန်ဆောင်ပြောဆိုကြကာ ချစ်သူအဆင့်ရောက်ရှိအောင် ကြိုးစားကြကြောင်း၊ ထို့နောက် ပစ်မှတ်နှင့် မဖွယ်မရာစကားများ ပြောဆိုကြပြီး ပစ်မှတ်၏ မဖွယ်မရာပုံများနှင့် ဗီဒီယိုများကိုပါ တောင်းယူကြကြောင်း၊ ယင်းနောက် အဆိုပါပြောဆိုခဲ့သည့် အကြောင်းအရာမှတ်တမ်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြသခြိမ်းခြောက်ကာ ငွေကြေးများတောင်းခံကြရကြောင်း၊ ပစ်မှတ်က ငွေကြေးပေးပို့မည်ဆိုပါက ခေါင်းဆောင်ထံသို့ အသိပေးအကြောင်းကြားရပြီး ခေါင်းဆောင်ဖြစ်သူက ပေးပို့သော ငွေကြေးလက်ခံသည့် Scan တစ်ခုကို ပစ်မှတ်ထံသို့ ပေးပို့ရကြောင်း၊ ၎င်းတို့သည် အခြေခံလစာအနေဖြင့် သီးသန့်ရရှိခြင်းမရှိဘဲ လိမ်လည်ရာတွင် ရရှိလာသည့် ငွေကြေး၏ ၁၈ ရာခိုင်နှုန်းကို ခွဲဝေရရှိကြကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment