မောင်ဇော်ခင်
လူသားတစ်ဦး၏ ဘဝရှင်သန်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့တွင် “အာဟာရ” သည် အခြေခံအကျဆုံးသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ နေ့စဉ်စားသုံးနေသော အစားအစာများသည်ခန္ဓာကိုယ် အတွက်စွမ်းအင်၊ ကြီးထွားဖွံ့ဖြိုးမှုနှင့် ရောဂါကာကွယ်နိုင်စွမ်းတို့ကို ပေးစွမ်းသော်လည်းဘေးကင်းလုံခြုံမှု မရှိပါက ကျန်းမာရေးအတွက် အန္တရာယ်ကြီးမားစွာ ဖြစ်ပေါ်စေနိုင်သည်။
မိမိတို့နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ
မြင့်မားလာစေရန်နှင့် ခိုင်မာသော လူမှုအဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် “စားသုံးသူဘေးကင်းရေးနှင့်
အစားအစာဘေးကင်းလုံခြုံမှု” သည် အမျိုးသားရေး အသိဖြင့် အလေးထားရမည့် မဏ္ဍိုင်ကြီးဖြစ်ပါသည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့ရိုးရာ
ဆိုရိုးစကားများတွင် ကျန်းမာရေးနှင့် အစားအသောက်ဆိုင်ရာ အတွေးအခေါ်များကို ဆိုရိုးစကားများ၊
ဥပမာပုံပြင်များဖြင့် မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်း သွန်သင်ပေးခဲ့ကြသည်။ “အစာ လည်းဆေး၊
ဆေးလည်းအစာ” ဟူသော ဆိုရိုးစကားက နေ့စဉ်စားသုံးသည့် အစားအစာများသည် ခန္ဓာကိုယ်ကျန်းမာရေးကို
တည်ဆောက်ပေးသည့် အခြေခံဖြစ်ကြောင်း ဖော်ညွှန်း ထားသည်။ “တန်ဆေးလွန်ဘေး”ဟူသော ဆိုရိုးစကားက
အရာရာတွင်အလွန်အကျွံမဖြစ်စေရန်သတိပေး ထားသကဲ့သို့ “ရောဂါမရှိခြင်းသည် မြတ်သော ဆုလာဘ်”
ဟူသော အဆိုကလည်း ကျန်းမာခြင်း၏ တန်ဖိုးကို ထင်ဟပ်ဖော်ပြလျက်ရှိသည်။ ထို့အပြင် “ကြိုတင်ကာကွယ်ခြင်းသည်
ကုသခြင်းထက်ပိုမို ကောင်းမွန်သည်” ဟူသည့် သဘောတရားကို မြန်မာလူမျိုးတို့က ရှေးပဝေသဏီကတည်းက
လက်ခံကျင့်သုံး ခဲ့ကြသည်။
ယနေ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစံနှုန်းများ
မြင့်မားလာသည့်ခေတ်တွင် စားသုံးသူတိုင်းသည် အစားအစာ၏ အာဟာရတန်ဖိုး၊ သန့်ရှင်းမှုနှင့်
ဘေးကင်းလုံခြုံမှုတို့ကို အလေးထားရန် လိုအပ်ပါသည်။ အစားအစာဘေး ကင်းရေးသည် လူတစ်ဦးချင်းစီ၏
ကျန်းမာရေးသာမက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်လည်း
တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။
အစားအစာ၏ အဓိပ္ပာယ်နှင့် အာဟာရလိုအပ်ချက်များ
အစားအစာသည် လူသားတို့ အသက်ရှင် ရပ်တည်နိုင်ရန်
လိုအပ်သောအခြေခံအရင်းအမြစ် ဖြစ်သည်။ အပင်များ၊ တိရစ္ဆာန်များနှင့် လူသားများသည် မတူညီသော
နည်းလမ်းများဖြင့် အာဟာရဓာတ်များကို ရယူအသုံးပြုကြ သော်လည်း အစား အစာမရှိဘဲ ရှင်သန်နိုင်ခြင်းမရှိကြပေ။
ဆန်၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊
သစ်သီးဝလံများနှင့် သန့်ရှင်းသော သောက်ရေတို့သည် လူ့ခန္ဓာကိုယ်အတွက် အရေးပါသောအာဟာရရင်းမြစ်များဖြစ်ကြသည်။
ဆေးပညာနှင့် အာဟာရဗေဒဆိုင်ရာအရ အစားအစာသည်
ဗိုက်ပြည့်စေရန်အတွက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်၏ ကြီးထွားဖွံ့ဖြိုးမှု၊ တစ်သျှူးများ ပြုပြင်ထိန်းသိမ်းမှု၊
ကိုယ်ခံအားစနစ် အားကောင်းစေမှု၊ ဟော်မုန်းများနှင့် အင်ဇိုင်းများ ထုတ်လုပ်နိုင်မှုတို့အတွက်
အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့ပြင်နှလုံး၊ ဦးနှောက်၊ အဆုတ်၊ အသည်းနှင့်ကျောက်ကပ်ကဲ့သို့သော
အရေးကြီးအင်္ဂါအစိတ်အပိုင်းများ၏ ပုံမှန်လုပ်ငန်း ဆောင်တာများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်
လည်း အာဟာရဓာတ်များ လိုအပ်ပါသည်။
လူ့ခန္ဓာကိုယ်သည် နေ့စဉ်လှုပ်ရှားမှုများ
ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာသန်စွမ်းစွာ နေထိုင် နိုင်ရန် ကစီဓာတ်မှ စွမ်းအင်၊ ပရိုတင်းဓာတ်မှ
ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ပြုပြင်မှု၊ အဆီဓာတ်မှစွမ်းအင်သိုလှောင်မှုနှင့် ဆဲလ်ဖွဲ့စည်းမှု၊
ဗီတာမင်များနှင့် သတ္တုဓာတ်များမှ ဇီဝကမ္မဖြစ်စဉ်များ ထိန်းညှိ ပေးမှုတို့ကို ရရှိစေပါသည်။
ထို့အပြင် ရေသည် ခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်း၊ အာဟာရဓာတ်များ သယ်ဆောင်ပေးခြင်းနှင့်
အညစ်အကြေးများ စွန့်ထုတ်ပေးခြင်းတို့တွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။
လူတစ်ဦး၏ အသက်အရွယ်၊ လိင်၊ အလုပ်အကိုင်နှင့် ကျန်းမာ ရေးအခြေအနေအလိုက် အာဟာရလိုအပ်ချက်များ
ကွဲပြားနိုင်သော်လည်း အာဟာရဓာတ် စုံလင်မျှတသောအစားအစာကို စားသုံးခြင်းသည် ကျန်းမာ သောဘဝ၏
အခြေခံအုတ်မြစ်ဖြစ်သည်။
စံပြကျန်းမာရေးအတွက် သင့်တော်သော အစားအစာနှင့်
မျှတသောအစားအစာ၏ အရေးပါမှု
ကျန်းမာရေးကောင်းမွန်မှုသည် အစားအစာပမာဏတစ်ခုတည်းပေါ်တွင်
မူတည်ခြင်းမဟုတ်ဘဲ အာဟာရစုံလင်မှု၊ အစားအစာအမျိုးအစားစုံလင်မှုနှင့် မှန်ကန်သော စားသုံးမှုပုံစံတို့ပေါ်တွင်မူတည်
သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့်
အမျှင်ဓာတ်များ ကြွယ်ဝသဖြင့် ကိုယ်ခံအား ကောင်းမွန်စေပြီး အစာခြေစနစ်ကို ကောင်းမွန်စေ
သည်။ အသား၊ ငါး၊ ဥနှင့် ပဲအမျိုးမျိုးမှရရှိသော ပရိုတင်းဓာတ်များသည် ခန္ဓာကိုယ်တည်ဆောက်မှုနှင့်
ကြွက်သားဖွံ့ဖြိုးမှုအတွက် အရေးပါသည်။ အလားတူ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ အာလူးနှင့် အခြားကောက်နှံများသည်
ခန္ဓာကိုယ်၏ အဓိကစွမ်းအင် ရင်းမြစ်ဖြစ်သော ကာဗိုဟိုက်ဒရိတ်ကို ပံ့ပိုးပေးသဖြင့် ဦးနှောက်နှင့်
ကြွက်သားများ၏လုပ်ငန်း ဆောင်တာများ ပုံမှန်လည်ပတ်နိုင်ရန် အထောက်အကူပြုပါသည်။
သို့ရာတွင် အာဟာရပြည့်ဝသော အစားအစာ ဖြစ်စေကာမူ
လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ မြန်မာတို့၏
“တန်ဆေးလွန်ဘေး” ဟူသော ဆိုရိုးစကားကဲ့သို့ပင် အလွန်အကျွံစားသုံးမှုသည် အဝလွန်ရောဂါ၊
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပါအဝင် မကူးစက်နိုင်သော
နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်ပါသည်။ အထူးသဖြင့် သကြား၊ ဆားနှင့်
ပြည့်ဝဆီများပါဝင်သော ပြုပြင်ထုတ်လုပ် ထားသည့် အစားအစာများကို အလွန်အကျွံ စားသုံးခြင်းသည်
ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်စေနိုင် ကြောင်း ဆေးပညာသုတေသနများက ဖော်ပြထားပါသည်။
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ
အဖွဲ့အစည်းများနှင့် အာဟာရပညာရှင်များက “မျှတ သောအစားအစာ” ကို နေ့စဉ်စားသုံးရန် အကြံပြုကြ
ပါသည်။ မျှတသောအစားအစာဆိုသည်မှာ ကာဗို ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ်၊
အမျှင်ဓာတ်နှင့် ရေတို့ကို အသက်အရွယ်၊ ကျန်းမာ ရေးအခြေအနေနှင့် နေ့စဉ်လှုပ်ရှား မှုအလိုက်
သင့်လျော်မျှတသော ပမာဏဖြင့်စနစ်တကျ ပေါင်းစပ်စားသုံးခြင်းကိုဆိုလိုပါသည်။ ထိုသို့ စားသုံးနိုင်မှသာ
ခန္ဓာကိုယ်၏လိုအပ်သော အာဟာရဓာတ်များကို ပြည့်စုံစွာရရှိနိုင်မည်ဖြစ်ပြီး ကိုယ်ခံ အားကောင်းမွန်ခြင်း၊
ဦးနှောက်စွမ်းဆောင်ရည် မြင့်မားခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု ကောင်းမွန်ခြင်းနှင့် ရောဂါဘေးများမှ
ကာကွယ်နိုင်ခြင်းတို့ကို ရရှိမည် ဖြစ်ပါသည်။ မှန်ကန်သော အစားအစာရွေးချယ်မှုနှင့် မျှတသောစားသုံးမှုသည်
ထိရောက်သော ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ဘဝအရည်အသွေးမြင့်မားရေးနှင့်
ကျန်းမာသော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ရေးအတွက် အရေးပါသောအခြေခံဖြစ်ပါသည်။
အစားအစာညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်များ
ကျန်းမာရေးကောင်းမွန်စေရန် အာဟာရ ပြည့်ဝသော
အစားအစာများကို ရွေးချယ်စားသုံးရန် လိုအပ်သကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေနိုင်သော
အစားအစာများနှင့် အစားအစာဘေးအန္တရာယ်များကိုလည်း သိရှိနားလည်ကာ ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။
ပြည်သူ့ကျန်းမာရေးပညာရပ်အရ အစားအစာဘေး ကင်းလုံခြုံမှုသည် လူတစ်ဦးချင်း၏ ကျန်းမာရေးသာမက
မိသားစုနှင့်လူမှုအသိုက်အဝန်း တစ်ရပ်လုံး၏ ကျန်းမာရေးအတွက်ပါ အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။
မလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊
အသား၊ ငါးနှင့်ပင်လယ်စာများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် ကပ်ပါးပိုးများ
ပွားများလာနိုင်သဖြင့် အစားအစာမှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အစားအစာများကို
သန့်ရှင်းစွာမပြင်ဆင်ခြင်း၊ သင့်လျော်သောအပူချိန်တွင် မသိုလှောင် ခြင်းနှင့် လုံလောက်စွာမချက်ပြုတ်ခြင်းတို့သည်
ရောဂါကူးစက်မှု အန္တရာယ်ကိုတိုးမြင့်စေသည်။ ထို့အပြင် အသင့် အစားအစာများ၊ အချိုရည်များနှင့်
အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများတွင်ဆား၊ သကြားနှင့် အဆီဓာတ်များ မြင့်မားစွာပါဝင်
လေ့ရှိပြီး ရေရှည်တွင် မကူးစက်နိုင်သော နာတာ ရှည်ရောဂါများကို ဖြစ်ပွားစေနိုင်သည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသော
ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများကို စနစ်တကျ မသုံးစွဲပါက ဟင်းသီးဟင်းရွက်နှင့်
သစ်သီးဝလံများ တွင် ဓာတုအကြွင်းအကျန်များ ကျန်ရှိနိုင်သည်။ ထိုဓာတုပစ္စည်းများကို ရေရှည်ထိတွေ့စားသုံးပါက
အသည်း၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်များကို ထိခိုက်စေနိုင်ပြီး အချို့သောအခြေအနေများတွင်
ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုပင် မြင့်တက်စေနိုင်ကြောင်း သုတေသန များက ဖော်ပြထားပါသည်။
ထို့ကြောင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးသည့်အခါ သန့်ရှင်းသောရေဖြင့်
စင်ကြယ်စွာဆေးကြောခြင်း၊ အခွံခွာနိုင်သော အစားအစာများကို အခွံခွာစားသုံးခြင်း၊ ယုံကြည်စိတ်ချရသော
အရင်းအမြစ်များမှ ဝယ်ယူစားသုံးခြင်းနှင့် ထုတ်ကုန်တံဆိပ်များကို စစ်ဆေးခြင်းတို့ကို
လိုက်နာသင့်သည်။
အစားအစာဘေးကင်းရေး၏ အနှစ်သာရ
လူသားတို့၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ရာတွင်
အာဟာရပြည့်ဝသော အစား အစာများကို ရွေးချယ်စားသုံးခြင်းနှင့်အတူ အစား အစာဘေးကင်းလုံခြုံမှုကို
အလေးထားဆောင်ရွက် ခြင်းသည်လည်း အရေးကြီးသော အခြေခံလိုအပ် ချက်တစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
လမ်းညွှန်ထုတ်ပြန် ချက်အရ အစားအစာဘေးကင်းရေးဆိုသည်မှာ “စားသုံးသူများ စားသုံးသည့်အခါ
ကျန်းမာရေးကိုထိခိုက် စေနိုင်သော ဇီဝဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ
အန္တရာယ်များမှ ကင်းစင်သော အစားအစာများကို ထုတ်လုပ်၊ ဖြန့်ဖြူးရေးနှင့် စားသုံးနိုင်ရေး”
ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစားအစာဘေးကင်းရေးသည် အစားအစာတစ်မျိုး၏ အရသာကောင်းမွန်မှု
သို့မဟုတ် အာဟာရတန်ဖိုးမြင့် မားမှုတစ်ခုတည်းကိုသာမဆိုလိုဘဲ စားသုံးသူ၏ကျန်းမာရေးကို
အန္တရာယ်မဖြစ်စေရန် အဆင့်တိုင်း၌ စနစ်တကျ ထိန်းချုပ်ထားမှုကိုပါ ဆိုလိုခြင်းဖြစ်ပါသည်။
အစားအစာဘေးကင်းရေး ရှုထောင့်မှနေ၍
“လယ်ယာမှထမင်းဝိုင်းသို့”ဟူသော စနစ်တကျစောင့်ကြည့် ထိန်းချုပ်မှုသည် အရေးပါလှပါသည်။
အစားအစာတစ်မျိုးသည် စိုက်ပျိုးမွေးမြူခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊
ထုတ်လုပ်ပြုပြင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စားသုံးသူထံရောက်ရှိ ခြင်းအထိ အဆင့်တိုင်းတွင်
ညစ်ညမ်းမှုနှင့် အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်နှင့်
သစ်သီးဝလံများ တွင် ပိုးသတ်ဆေးနှင့် ဓာတုအကြွင်းအကျန်များ မကျန်ရှိစေရေး၊ အသားနှင့်
ငါးများတွင် ရောဂါပိုးများ မပါဝင်စေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် သန့်ရှင်းမှုစံချိန်စံညွှန်းများကို
လိုက်နာရေးတို့သည် အစားအစာဘေးကင်းရေး၏ အခြေခံအချက်များ ဖြစ်ပါသည်။
အစားအစာများတွင် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို
အဓိကအားဖြင့် အုပ်စုသုံးမျိုး ခွဲခြားနိုင်ပါသည်။ ပထမအုပ်စုမှာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊
မှိုနှင့်ကပ်ပါးပိုးများကြောင့် ဖြစ်ပေါ်သောဇီဝဗေဒဆိုင်ရာ အန္တရာယ်များဖြစ်ပြီး အစာအဆိပ်သင့်ခြင်းနှင့်
အူလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်စေနိုင်ပါသည်။ ဒုတိယအုပ်စုမှာ ပိုးသတ်ဆေး အကြွင်းအကျန်များ၊
တရားမဝင် ဓာတုဆိုးဆေးများ၊ လေးလံသော သတ္တုများနှင့် စက်မှုလုပ်ငန်းမှ ညစ်ညမ်းဓာတုပစ္စည်းများကြောင့်ဖြစ်ပေါ်သော
ဓာတုဗေဒဆိုင်ရာ အန္တရာယ်များဖြစ်ပါသည်။ တတိယအုပ်စုမှာ ဖန်စများ၊ သတ္တုအစိတ်အပိုင်းများ
သို့မဟုတ် အခြားပြင်ပအရာဝတ္ထုများ ရောနှောပါဝင် လာခြင်းကြောင့်ဖြစ်ပေါ်သော ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ
ဖြစ်ကြပါသည်။ ယင်းအန္တရာယ်များကို ထိရောက်စွာ ထိန်းချုပ်နိုင်မှသာ ပြည်သူများ ကျန်းမာလုံခြုံစွာ
စားသုံးနိုင်မည်ဖြစ်ပါသည်။
နိုင်ငံ့ယန္တရားများနှင့် လူထုပူးပေါင်းပါဝင်မှု
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အစားအစာနှင့်
ဆေးဝါးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့် စစ်ဆေးကြပ်မတ်ရေးစနစ်များကို
တည်ထောင်ဆောင်ရွက်လျက်ရှိသည်။ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အစည်းများသည် အစားအစာများ၏
အရည်အသွေး၊ ဘေးကင်းလုံခြုံ မှုနှင့် တံဆိပ်ဖော်ပြမှုမှန်ကန်မှုတို့ကို စစ်ဆေး ကြပ်မတ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ပြည်သူ့ကျန်းမာရေးကို
ကာကွယ်မြှင့်တင်နိုင်ရန် အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဆိုင်ရာ တာဝန်ရှိဌာနများက အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများ၊
စားသောက်ဆိုင်များ၊ ဈေးကွက်များနှင့် စားသုံးကုန် ထုတ်လုပ်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်း၊
စံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် ပြည်သူလူထုအား အစားအစာဘေးကင်းရေး အသိပညာပေးခြင်းတို့ကို
ဆောင်ရွက်လျက် ရှိပါသည်။ သို့ရာတွင် အစားအစာဘေးကင်းရေးသည်အစိုးရဌာနများ၏ တာဝန်တစ်ခုတည်းမဟုတ်ဘဲ
ထုတ်လုပ်သူများ၊ တင်သွင်းဖြန့်ဖြူးသူများ၊ ရောင်းချသူများနှင့် စားသုံးသူများအားလုံး၏
ပူးပေါင်းပါဝင်မှု လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ထုတ်လုပ်သူများသည်စံချိန်စံညွှန်းများကို
လိုက်နာရမည်ဖြစ်ပြီး စားသုံးသူ များသည်လည်း ထုတ်ကုန်တံဆိပ်များကို ဖတ်ရှု စစ်ဆေးခြင်း၊
သက်တမ်းကုန်ဆုံးရက်များကို သတိ ပြုခြင်းနှင့် ယုံကြည်စိတ်ချရသော ထုတ်ကုန်များကို သာ
ရွေးချယ်ဝယ်ယူခြင်းတို့ကို ဆောင်ရွက်သင့်သည်။
မိမိကိုယ်တိုင်ကာကွယ်ခြင်းမှသည် နိုင်ငံတော်အားကောင်းရေးအထိ
ကျန်းမာရေးကောင်းမွန်မှုသည် ရောဂါဖြစ်ပြီး
နောက်ကုသခြင်းထက် ရောဂါမဖြစ်မီကြိုတင် ကာကွယ်ခြင်းအပေါ် ပိုမိုမူတည်သည်။ ထို့ကြောင့်လတ်ဆတ်သန့်ရှင်းသော
အစားအစာများကို ရွေးချယ်စားသုံးခြင်း၊ မျှတသောအစားအစာကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု
ပုံမှန်ပြုလုပ်ခြင်း၊ အိပ်စက်အနားယူမှု လုံလောက်စွာရရှိခြင်းနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ
ခံယူခြင်းတို့သည် ကျန်းမာသောဘဝအတွက် အရေးကြီးသည်။
ယနေ့ ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို
လေ့လာကြည့်ပါက သဘာဝသယံဇာတများထက် လူ့စွမ်းအားအရင်းအမြစ်၏ အရည်အသွေးသည် ပိုမိုအရေးပါလာကြောင်း
တွေ့ရှိရပါသည်။ ကျန်းမာ သန်စွမ်းသော ပြည်သူများသည် ကုန်ထုတ်စွမ်းအားမြင့်မားကြပြီး
ပညာရေးရလဒ်ကောင်းမွန်ခြင်း၊ အလုပ်လုပ်နိုင်စွမ်း မြင့်မားခြင်းနှင့် ဆန်းသစ်တီထွင်
နိုင်စွမ်းပိုမိုကောင်းမွန်ခြင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုနိုင်ကြပါသည်။ အခြားတစ်ဖက်တွင် ကျန်းမာရေးချို့တဲ့မှုများနှင့် ရောဂါဝန်ထုပ်ဝန်ပိုးများများပြားလာပါက
ဆေးကုသမှုကုန်ကျစရိတ်များ မြင့်တက်လာပြီး လုပ်သားစွမ်းအား လျော့နည်းကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို
ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် စားသုံးသူတစ်ဦးချင်းစီ၏ တာဝန်သိသော
အစားအစာရွေးချယ်မှု၊ ကျန်းမာရေး အသိပညာမြင့်မားမှုနှင့် အစားအစာဘေးကင်းရေးစည်းမျဉ်းများကို
လိုက်နာကျင့်သုံးမှုတို့သည်မိမိ ကိုယ်တိုင်နှင့် မိသားစု၏ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက
နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရန်၊ ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များကို
လျှော့ချနိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အရေးပါသောအခြေခံအင်အား
တစ်ရပ်ဖြစ်ပါသည်။
ကျွန်ုပ်တို့ နေ့စဉ်ရွေးချယ်စားသုံးနေသော အစားအစာများသည်
ဗိုက်ပြည့်စေရန်အတွက်သာ မဟုတ်ဘဲ ကျန်းမာရေး၊ အသက်ရှည်ကျန်းမာမှု၊ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းနှင့်
ဘဝအရည်အသွေးတို့ကို တိုက်ရိုက် အကျိုးသက်ရောက်စေသော အရေးကြီးသည့် အခြေခံအချက်တစ်ရပ်ဖြစ်ပါသည်။
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသောဆိုရိုးစကားအတိုင်း
အစားအစာသည်ကျန်းမာရေး ကောင်းမွန်စေရန် အခြေခံဆေးဝါးတစ်မျိုးဖြစ်ပြီး “ရောဂါမရှိခြင်းသည်
မြတ်သောဆုလာဘ်” ဟူသော အဆိုသည် ကျန်းမာခြင်း၏တန်ဖိုးကို သတိပေးနေပါသည်။
ကျန်းမာသော ပြည်သူတစ်ဦးချင်းစီက ကျန်းမာသောမိသားစုကို
တည်ဆောက်ပေးနိုင်ပြီး ကျန်းမာသော မိသားစုများစွာ ပေါင်းစည်းလာသောအခါ ကျန်းမာသောလူ့အဖွဲ့အစည်းနှင့်
အားကောင်းသော နိုင်ငံတော်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသားတိုင်းသည် အစားအစာ ဘေးကင်းရေးအသိပညာကို
လက်တွေ့အသုံးချကာ မိမိကိုယ်တိုင်မှ စတင်၍ မိသားစု၊ လူမှုအသိုက်အဝန်း နှင့် နိုင်ငံတော်အဆင့်အထိ
ကျန်းမာရေးယဉ်ကျေးမှု အမူအကျင့်ကောင်းများကို ပျိုးထောင်ကြပါစို့။ ထိုမှတစ်ဆင့် ကျန်းမာသန်စွမ်းသော
လူ့စွမ်းအားအရင်း အမြစ်များဖြင့် အမိမြန်မာနိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုး တိုးတက်ကာ
တောက်ပဝင့်ကြွားစွာရပ်တည်နိုင်စေရန် ကြိုးစားတည်ဆောက်ကြပါစို့။
“ကျန်းမာသော ပြည်သူသည် နိုင်ငံတော်၏ အဖိုးတန်ဆုံးသော
အင်အားဖြစ်သည်။ အစားအစာ ဘေးကင်းရေးကို လိုက်နာခြင်းဖြင့် ကျန်းမာသော မျိုးဆက်၊ ကျန်းမာသောလူ့အဖွဲ့အစည်းနှင့်
ကျန်းမာသော မြန်မာနိုင်ငံတော် ကြီးကို အတူတကွ တည်ဆောက်ကြပါစို့”။ ။
No comments:
Post a Comment