တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးနဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးနဝမနေ့သို့ တက်ရောက် ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၈ ဦး တက်ရောက်သဖြင့် ၉၇ ဒသမ ၈၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးဇင်မင်းထက်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့်အချက် (၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁)(၂)(၃) ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို”နှင့်စပ်လျဉ်း၍ အဆိုတင်သွင်းရာတွင် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေအရ မြန်မာနိုင်ငံသားပြည်သူများ၏ ငြိမ်းချမ်းသာယာရေးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်ရယူရန် လိုအပ်သည့်ကိစ္စဖြစ်သည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ပါကြောင်း။
မိမိအနေဖြင့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်၊ဖြည့်စွက်သင့်သည့် အချက်(၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁)(၂)(၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို” ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၆၆ အရ တင်သွင်းရခြင်းဖြစ်ပါကြောင်း။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၊ အပိုဒ်၂၀(င)အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးဆိုင်ရာအချက်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားသည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ သဝဏ်လွှာတွင်ဖော်ပြပါရှိသည့် EAOs များနှင့် ညှိနှိုင်းရရှိထားသည့် အချက်(၂၁)ချက်အပါအဝင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ညှိနှိုင်းရရှိထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်(၄၃)ချက်ကိုလည်းကောင်း လေ့လာသုံးသပ်၍ ဥပဒေမူကြမ်းရေးဆွဲကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နိုင် ရန် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်၏မျက်မှောက်အခြေအနေနှင့် နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မျှော်မှန်းတောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီး၏ အဓိကတာဝန်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးစုအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများအတွက် လိုက်လျောညီထွေစွာဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လိုက်လျောညီထွေဖြစ်စေမည့်အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ အခန်း (၁၂)ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့၏ ပြဋ္ဌာန်းချက်များအရ ပြင်ဆင်သည့်အဆင့်မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေး လေ့လာသုံးသပ် အကောင်အထည်ဖော်နိုင်မည့်ယန္တရားတစ်ရပ် စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်နေသည့်အတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း။
ပြည်သူလူထု၏ သဘောဆန္ဒများနှင့်အညီ ပေါ်ပေါက်ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပါ ပြဋ္ဌာန်းချက်များအပေါ် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးနိုင်ရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်တို့ကို ဟန်ချက်ညီပိုင်းခြားသုံးစွဲနိုင်ရေးနှင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတို့တွင် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြင်ဆင် ပြဋ္ဌာန်းပေးရန်လိုအပ်သည့်အချက်များကို ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန်အတွက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့်အချက် (၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း (၁)(၂)(၃) ပါအချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို” အား တင်သွင်းအပ်ပါကြောင်း အဆိုတင်သွင်းသည်။
ဆက်လက်၍ အဆိုနှင့်စပ်လျဉ်း၍ အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုတွင်ထည့်သွင်းရှင်းလင်းခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသဖြင့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်နွယ်နွယ်ဦးကလည်းကောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ(၁) ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေကလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများ၊ ရငွေသုံးငွေများ၊ ဥပဒေအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး(ခ)ဦးတင်ဦးက အစီရင်ခံစာအပိုဒ် ၈ တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ပြည်သူလူထုက ပိုမိုယုံကြည်အားထားလာစေရန်၊ ပြည်သူလူထုနှင့် လွယ်ကူစွာထိတွေ့ဆက်ဆံနိုင်စေရန် ရည်ရွယ်လျက် ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲ (၄) ခုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်စသည့်မြို့များတွင် ဖွင့်လှစ်ထားကြောင်း ဖော်ပြထားပါကြောင်း၊ ဖွဲ့စည်းပုံအရ ရည်ရွယ်ချက်များကို ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သင့်တော်သည့်မြို့ကြီးများ၌လည်း ကော်မရှင်ရုံးခွဲများတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါကြောင်း၊ အစီရင်ခံစာ အပိုဒ် ၁၁ အရ လူ့အခွင့်အရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ရန်ကုန်မြို့တွင် (၅)ကြိမ်၊ နေပြည်တော်တွင် (၁)ကြိမ်ဖြင့် ပညာပေးဟောပြောနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နောင်နှစ်များတွင် အခြားသောမြို့ကြီးများတွင်ပါ စနစ်တကျဆွေးနွေးခြင်းဖြင့် ကော်မရှင်အပေါ် ပိုမိုကျယ်ပြန့်စွာသိရှိ နားလည်နိုင်မည်ဟု ထင်မြင်မိပါကြောင်း။
အစီရင်ခံစာအပိုဒ်(၁၈)ပါ လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ သင်တန်းပို့ချပေးခြင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးသင်တန်းများ၊ နေရာအများ အပြားရှိ ဝန်ထမ်းများအား လူ့အခွင့်အရေးသင်တန်းများ ပို့ချနိုင်ခဲ့သည့်အတွက် ကောင်းမွန်ပြီးအကျိုးရှိသည်ဟု ထင်မြင်မိပါကြောင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအပိုင်းတွင် ကော်မရှင်အစီရင်ခံစာအပိုဒ် (၄၅) အရ ၂၀၁၅ ခုနှစ်အတွင်း တိုင်တန်းချက်ပေါင်း ၃,၄၅၇ စောင် ရရှိခဲ့သည့်အနက် အစီရင်ခံစာအပိုဒ် (၄၈/က)တွင် ကော်မရှင်လုပ်ပိုင်ခွင့်အတွင်းမကျရောက်သည့် တိုင်တန်းချက် ၁,၃၅၉ ခုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ရကြောင်း ဖော်ပြထားသော်လည်း အားလုံးမျှော်လင့်ချက်ဖြင့် တိုင်တန်းလာသူများ၏ အသိအမြင်နည်းပါးမှုကြောင့် ဖြစ်သည်ဟုယူဆပါသဖြင့် ရှင်းလင်းဖော်ပြထားပြီး ဖြစ်သင့်သည်ဟု ယူဆပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်က နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့်အနီးကပ်ထိတွေ့နေသည့် အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်းများက အဓိကကျသဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်မှသာ အစိုးရအပေါ် လူထုယုံကြည်မှုပိုမိုရနိုင်ပြီး ပြည်သူလူထုအများစု၏ပြောင်းလဲလိုမှု ပကတိဆန္ဒအမှန်ဖြစ်သည့် အစိုးရရုံးဌာနဝန်ထမ်းအချို့တို့သည် လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် ကြန့်ကြာသည့်စနစ်ကို ကျင့်သုံးနေဆဲဖြစ်သည်ကို အမြန်ဆုံးပြုပြင် ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်အဖြစ် ထင်မြင်မိပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်က ရန်ကုန်တိုင်းဒေသကြီးမှ တိုင်ကြားချက် ၁၈၉ မှု၊ ၅၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၄ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃၁ မှု ရှိပါကြောင်း၊ အခြား တစ်ဖက်တွင်လည်း ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှတိုင်ကြားချက် လက်ခံရရှိမှုကို စာရင်းတွင်ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းအခြေအနေသည် အဆိုပါဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမရှိသည်ဟု အဓိပ္ပာယ်မကောက်ယူသင့်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကော်မရှင်ထံတိုင်ကြားနိုင်သည့် နည်းလမ်း၊ သတင်းအချက်အလက်ရရှိမှုနှင့် လက်လှမ်းမီမှုအားနည်းနေသည်ကို ကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုသည်မှာ ကော်မရှင်တစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုပိုမိုထိရောက်ရန်အတွက် လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပိုမိုကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း၊ လွှတ်တော်အနေဖြင့်လည်း ကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေများတွင် လိုအပ်ချက်များရှိနေပါက ပြန်လည်သုံးသပ် သင့်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) နော်ယုဇနဝါ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူ (၄၈) ချက်တွင် ပုဒ်မ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၃၂၊ ၃၆၊ ၃၇၊ ၃၈၊ ၄၄ များဖြင့် နိုင်ငံသားများ၏ မူလအခြေခံမူ လူ့အခွင့်အရေးကို အပြည့်အဝပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ပုဒ်မ ၄၄ အရ လူ့ဂုဏ်သိက္ခာညှိုးနွမ်း သေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့်မရှိစေရ ဆိုသည့်အချက်သည် နိုင်ငံသားတိုင်းအပေါ်သက်ညှာပြီး လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အခိုင်အမာအာမခံပေးထားပါကြောင်း၊ သို့ပါ၍ တရားရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များတွင်လည်း အတိအကျလိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် အခန်း(၈)ခန်းပါရှိပြီး အခန်း(၃)လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များမှ အမှတ်စဉ်(၅၁)ဇယားပါ တိုင်တန်းချက်များ အမှုပေါင်း ၃၄၇ မှုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား soft file များ ဖြန့်ဝေပေးစေလိုပါကြောင်း။
မိမိတို့နိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေဆဲဖြစ်သဖြင့် တရား ဥပဒေစိုးမိုးမှုမရှိသော နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အနည်းနှင့်အများရှိနိုင်ပါကြောင်း၊ ထိုသို့ဖြစ်ပွားရာဒေသများမှ နိုင်ငံသားများကို တရားဝင်ရွေးကောက်ပွဲမှ ပြည်သူ့မဲဖြင့်ပေါ်ပေါက်လာသော ပြည်ထောင်စုလွှတ်တော်မှ အကာအကွယ်ပေးရန်လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင် ပဋိပက္ခဒေသအတွင်း နှစ်အလိုက်သေဆုံးမှုစာရင်း၊ နေရပ်စွန့်ခွာရွှေ့ပြောင်းသွားသော လူဦးရေစာရင်း၊ မသန်စွမ်းဖြစ်သွားသည့် လူဦးရေစာရင်း စသည့်အရေအတွက်ကိန်းဂဏန်းများကို မှတ်တမ်းတင်ထည့်သွင်းအစီရင်ခံရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အကျဉ်းသားများစာရင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သောစာရင်းများကိုလည်း ထည့်သွင်းအစီရင်ခံသင့်သည်ဟု တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်က ကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေရန်၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ကုစားပေးနိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်သော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊ ယင်းအချက်သည် အစီရင်ခံစာ၏လက်တွေ့ရလဒ်ကို တိုင်းတာနိုင်သည့် အရေးကြီးသောအချက်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အောင်မြင်မှုကို ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအရေအတွက်ဖြင့် မတိုင်းတာဘဲ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို မည်မျှအထိ ပြန်လည်ကုစားပေးနိုင်ခြင်း၊ သက်ဆိုင်ရာဌာနများက မည်မျှအထိ တာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်းစသည့် လက်တွေ့ရလဒ်ဖြင့် တိုင်းတာသင့်ပါကြောင်း။
ကော်မရှင်၏ အစီရင်ခံစာများတွင် လုပ်ငန်းဆောင်ရွက်မှုအရေအတွက်များကိုဖော်ပြရုံသာမက တိုင်ကြားချက်များ၏ ဖြေရှင်းပြီးစီးမှုအခြေအနေ၊ သက်ဆိုင်ရာဌာနများ၏ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြည်သူများအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှုများကိုပါ ပိုမိုပြည့်စုံစွာဖော်ပြသင့်ပါကြောင်း၊ ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပြီး အကြံပြုချက်ပေးပို့သည့် အဖွဲ့အစည်းအဆင့်တွင်သာရပ်တန့်မနေဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို လက်တွေ့ပြန်လည်ကုစားပေးနိုင်သည့် ပိုမိုအားကောင်းသောစနစ်တစ်ခု ဖြစ်လာစေရေးအတွက် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်က အစီရင်ခံစာ၏ စာမျက်နှာ ၃၂၊ အပိုဒ် ၃၇၊ ၃၈ တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အကြောင်း အများပြည်သူများ အလွယ်တကူသိရှိနိုင်စေရန် ကော်မရှင်အသိပညာပေးစာအုပ် ၇,၀၀၀ နှင့် လက်ကမ်းစာစောင် ၃,၃၀၀ တို့ကို ဖြန့်ချိ ခဲ့သည်ဟု ဖော်ပြထားချက်အရ မြန်မာနိုင်ငံရှိ လူဦးရေနှင့်နှိုင်းယှဉ်ပါက အသိပညာပေးနိုင်မှုထိရောက်မှုမရှိသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံရှိ ပြည်သူအများစုက လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ပေးနေမှုများနှင့် ဆောင်ရွက် ပေးနိုင်မှုများကို သိရှိနိုင်မှုအားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်သည့်ကိစ္စရပ်များကို မသိရှိသူများ များပြားလာသည့်အတွက် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ စွန့်ပစ်မှု၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုမူဆောင်ရွက်မှုများ တစ်နေ့ထက်တစ်နေ့များပြားလျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
စာမျက်နှာ ၃၂၊ အပိုဒ် ၄၀ တွင် ဘာသာရပ်ဆန်းစစ်ခြင်းနှင့် အသစ်ရေးဆွဲခြင်းတွင် အချက် ၁၈ ချက် ပါဝင်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ လူ့အခွင့်အရေးသဘောတရားနှင့် လူသားများ၏တာဝန်ရှိမှု၊ သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အခွင့်အရေးများ၊ လူငယ်များအတွက် လူ့အခွင့်အရေးအရေးပါပုံ စသည့်အချက်များကို ထည့်သွင်းရေးဆွဲထားသော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းနေသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်မှု လုပ်ငန်းများအောင်မြင်မှုသည် အစီရင်ခံစာများထုတ်ပြန်ခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ စစ်ဆေးမှုများ ပြုလုပ်နိုင်ခြင်းတို့ဖြင့် ချိုးဖောက်ခံရ သူများ၏ နစ်နာမှုများကို မည်မျှ ကုစားပေးနိုင်ခဲ့သည်၊ ချိုးဖောက်မှုများ မည်မျှလျော့ပါးသွားခဲ့သည်၊ ပြည်သူတို့၏ဂုဏ်သိက္ခာကာကွယ်ရေးကို မည်မျှထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့သည်ဆိုသည့် အကြံပြုချက်များကို လက်တွေ့ဆောင်ရွက်နိုင်သည့် စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဦးလွှမ်းမိုးနိုင်၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၊ မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဦးဝဏ္ဏစိုး၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးယုနိုင်၊ ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၊ မော်လမြိုင်မဲဆန္ဒနယ်မှ ဒေါ်ဥမ္မာဌေး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဦးကျော်တင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးအေးပိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း အစီအစဉ်တို့ကို ဆက်လက်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်းကြေညာသည်။
ယင်းနောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးနဝမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒသမနေ့ကို နိုဝင် ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment