Wednesday, November 25, 2026

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (၃၇) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

 



မန္တလေး နိုဝင်ဘာ ၂၄

၁၃၈၈ ခု တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား (၃၇) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီး၌ ကျင်းပသည်။

အခမ်းအနားမစတင်မီ နံနက်အရုဏ်ဦးအချိန်တွင် ရေတော်ဆရာတော်နှင့် မဟာမုနိဝေယျာဝစ္စအဖွဲ့တို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အမွှေးနံ့သာရည်များဖြင့် မျက်နှာသစ်တော်ရေသပ္ပာယ်ကာ ရောင်တော်ဖွင့်၍ ဆွမ်းခဲဖွယ်ဘောဇဉ်၊ ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကပ်လှူပူဇော်ရန် နေ့ချင်းပြီးရက်လုပ်ထားသော တဘက်တော်၊ မသိုးမြတ်သင်္ကန်းတော်၊ သင်းပိုင်သင်္ကန်းတော်များကို ရေတော်ဆရာတော်အမှူးပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့၊ ဝေယျာဝစ္စအဖွဲ့၊ ရက်ကန်းပညာရှင်များအဖွဲ့နှင့် စက်ချုပ်ပညာရှင်များအဖွဲ့က ပင့်ဆောင်ကာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပူဇော်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက မသိုးမြတ်သင်္ကန်းတော်ကို လွှမ်းခြုံကပ်လှူ ပူဇော်လှူဒါန်းကြသည်။

ယင်းနောက် မသိုးမြတ်သင်္ကန်းရက်လုပ်ခဲ့ကြသည့် ရေကြည်ပေါက်ကျေးရွာ၊ အုန်းတောကျေးရွာ၊ အင်းလေးဒေသ စသည့်ရက်ကန်းပညာရှင်များအဖွဲ့၊ ကိုးလုံးဒါယကာရက်ကန်းပညာရှင်နှင့် စက်ချုပ်ပညာရှင်အဖွဲ့၊ မဟာမုနိဝေယျာဝစ္စအဖွဲ့တို့အား ဂုဏ်ပြုငွေများနှင့် မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                   

သတင်းစဉ်

No comments:

Post a Comment