နေပြည်တော် နိုဝင်ဘာ ၂
ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(UNIDO)က ကြီးမှူး၍ အရင်းအမြစ်ပြန်လည်အသုံးပြုနိုင်သော စီးပွားရေးစနစ်နှင့်အစိမ်းရောင်စက်မှုလုပ်ငန်း ရက်သတ္တပတ်-၂၀၂၆ဖိုရမ်ကို ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် Virtual စနစ်ဖြင့် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်သည်။
ဖိုရမ်ကို ‘အနာဂတ်စက်မှုကဏ္ဍကို အရင်းအမြစ်ပြန်လည်အသုံးပြုနိုင်ပြီး သန့်ရှင်း၍ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပုံဖော်ခြင်း’ (Shaping the Future of Industry: Circular, Cleaner, Competitive)ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂ ရက် မှ ၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုရမ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဩစတြီးယားနိုင်ငံ၊ ဆူရာနမ်နိုင်ငံ၊ အာမေးနီယားနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့်ဂါနာနိုင်ငံတို့မှ စက်မှုကဏ္ဍနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများက UNIDO ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အရင်းအမြစ်ပြန်လည်အသုံးပြုနိုင်သော စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ရန်ပုံငွေထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများ၏ ဦးဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကြသည်။
ဖိုရမ်အတွင်း ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှုနှင့်ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ဓာတုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ အထည်အလိပ်၊ အီလက်ထရောနစ်၊ ဆောက်လုပ်ရေး၊ ပလတ်စတစ်စသည့် ကုန်ထုတ်လုပ်ငန်းများ၏ စက်မှုဆိုင်ရာကွင်းဆက်များအလိုက် အသေးစိတ်ဆွေးနွေးပွဲများ၊ အိမ်ရှင်ဩစတြီးယားနိုင်ငံ၏ စက်မှုဆိုင်ရာမူဝါဒနှင့် နည်းပညာအတွေ့အကြုံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအကြားမူဝါဒများ တညီတညွတ်တည်းဖြစ်စေရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် သဘောတူညီမှုရယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment