Thursday, October 15, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နိုင်ငံရေးစိစစ်ရေးကဒ်ပြားနှင့် UID ကဒ်များပေးအပ်

 

ဖလမ်း အောက်တိုဘာ ၁၅

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် အောက်တိုဘာ (၁၅) ရက်နေ့တွင် တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တီးတိန်မြို့၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။





















ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ တီးတိန်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၊ သဒ္ဓမ္မဇောတိက ဓမ္မဗိမာန်တော်အတွင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဆ‌ရာတော်အရှင်ပုညနန္ဒနှင့် ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျက်စီးသွားသည့် နယ်စပ်‌ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် သင်တန်းသားအိပ်ဆောင်နှင့် စာကြည့်တိုက်ပြုပြင်ပြီးစီးမှုအခြေအနေများနှင့် အလုံးစုံပျက်စီးသွားသည့် အဆောက်အအုံအခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၊ နည်းပြဆောင် (ထင်းရှူးမြိုင်ရိပ်သာ)၊ ပစ္စည်းဂိုဒေါင်၊ စားရိပ်သာနှင့် မီးဖိုဆောင်၊ သင်တန်းခန်းမနှင့် သင်တန်းသူ အိပ်ဆောင်ပြုပြင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပျက်စီးသွားသည့် အဆောက်အဦများ ပြင်ဆင်ပြီးပါက သင်တန်းကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အသင့်ပြင်ဆင်ထားရန်မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်နေသည့် ကုမ္ပဏီအား စာချုပ်ပါစည်းမျဥ်းစည်းကမ်းများအတိုင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံပြည်သူများနှင့် ဆရာဝန်၊ ဆရာ၊ ဆရာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့မှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တီးတိန်မြို့၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာ “ပြန်လည်ထူထောင်ရေးကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိပါက နောက်ဆက်တွဲဆိုးကျိုးသာရရှိနိုင်သဖြင့် ဒေသခံပြည်သူများမှ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးကောင်းမွန်စေရေး  တွန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး၊ အဂတိကင်းရှင်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ဦးနေလင်းအောင်မှ “တီးတိန်မြို့တွင် ဌာနဆိုင်ရာရုံးများပုံမှန်လည်ပတ်နေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝလည်း ပုံမှန်နီးပါးလည်ပတ်နေပြီဖြစ်သည့်အတွက် လက်ရှိအခြေအနေအား ထိန်းသိမ်းထားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်သိစိတ်အပြည့်ဖြင့် ပြည်သူများကို တန်းတူဆက်ဆံ ဝန်ဆောင်မှုပေးရန်လိုအပ်ကြောင်း၊ ‌ဒေသဖွံ့ဖြိုးရေးများဆောင်ရွက်ရာတွင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် မလိုလားအပ်သောလုပ်ရပ်များ မဖြစ်ပွားစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်” ဆွေးနွေးပြောကြားသည်။ ထို့နောက် တီးတိန်မြို့၊ မြို့မိမြို့ဖများကိုယ်စား မြို့မိမြို့ဖတစ်ဦးမှ ဒေသလိုအပ်ချက်များကို တင်ပြရာ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းဖြေကြားပေးသည်။ တင်ပြချက်များနှင့် ရှင်းလင်းဖြေကြားချက်များအပေါ် လိုအပ်ချက်များကို ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယာယီမြို့နယ်ဦးစီးမှူးရုံးတွင် လမင်းစီမံချက်ဖြင့် ‌ဒေသခံကလေး (၅၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment