နေပြည်တော် အောက်တိုဘာ ၂၉
မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက AHA Centre မှ တစ်ဆင့် အသင့်တပ်ဆင်စာသင်ကျောင်းဆောင် (Prefabricated School) ကိုးဆောင်နှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ အလျားပေ ၅၀၊ အနံ ပေ ၃၀ အကျယ်အဝန်းရှိ RC တစ်ထပ် သာသနိကအဆောက်အအုံ တစ်လုံးတို့ကို လှူဒါန်းခဲ့ရာ အဆိုပါ သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကိုးခမ်းကြီးဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်နှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ တာဝန်ရှိသူများ၊ AHA Centre မှ အမှုဆောင် ဒါရိုက်တာနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံအစိုးရသည် မန္တလေးငလျင်ဘေး အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ဆေးအဖွဲ့များ စေလွှတ်ကူညီခဲ့ရုံမျှမက ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အသင့်တပ်ဆင် စာသင်ဆောင်များ၊ သာသနိကအဆောက်အအုံနှင့် လှူဖွယ်ပစ္စည်းများကိုပါ ထောက်ပံ့လှူဒါန်းခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ
နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှုများဖြင့် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးကြသည့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး (No One Left Behind) မူဖြင့် ကဏ္ဍစုံမှ ထည့်သွင်းစဉ်းစား ထောက်ပံ့ကူညီမှုများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းနှင့် လှူဒါန်းမှု ဖြစ်မြောက်စေရေးအတွက် AHA Centre ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရိုက ကျေးဇူးတင်စကား ပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်များကို မကြာခဏ တွေ့ကြုံခံစားရလေ့ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ငလျင်ဘေးသင့်သူများ၏ ထိခိုက်ဝမ်းနည်းမှုများကို ထပ်တူခံစားမိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ကဏ္ဍစုံပါဝင်သည့် လှူဒါန်းမှုများသည် ဘေးသင့်ပြည်သူများအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိထိရောက်ကြောင်း မြင်တွေ့သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယတွင် လာရောက်လွှဲပြောင်း လှူဒါန်းရသည့်အတွက်လည်း အထူးဂုဏ်ယူမိပါကြောင်း ပြန်လည်ပြောကြားသည်။
ယင်းနောက် AHA Centre ၏ အမှုဆောင်ဒါရိုက်တာက လှူဒါန်းတည်ဆောက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့က လှူဒါန်းပစ္စည်းများ လွှဲပြောင်းခြင်း၊ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည်
လယ်ဝေးမြို့ အထက(သပြေပင်)ကျောင်းသို့
သွားရောက်၍ ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းထားသည့် အသင့်တပ်ဆင် စာသင်ဆောင်အား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment