နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (NCCIM) တို့က ဦးစီးကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်ပြီး နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (NCCIM) ဥက္ကဋ္ဌ Mr. Norsyahrin Hamidon နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြန်မာ- မလေးရှားနှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ရောက်ရှိလာရာ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲကို အခမ်းအနား အစီအစဉ်အတိုင်း စတင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (NCCIM) ဥက္ကဋ္ဌ Mr. Norsyahrin Hamidon တို့က ကြိုဆိုဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နှစ်နိုင်ငံသည် တူညီသည့်သမိုင်းကြောင်းများရှိပြီး ပထဝီအနေအထားအရ အရှေ့တောင်အာရှကျွန်းဆွယ်၌ အတူတည်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြကြောင်း၊ ယနေ့အချိန်အခါတွင် နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးနှင့်သံတမန်ရေးရာကဏ္ဍများအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများအထိ တဖြည်းဖြည်းပိုမိုကျယ်ပြန့်လာလျက်ရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ပိုမိုခိုင်မာအားကောင်းစေသည့် စီးပွားရေး မိတ်ဖက်ဆက်ဆံရေးတစ်ရပ်အဖြစ် တည်ဆောက်သွားရန်အချိန်အခါကောင်းကို ရောက်ရှိလာပြီဖြစ်ကြောင်း။ ယနေ့ကမ္ဘာကြီးသည် စီးပွားရေးနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်နေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ယခုကဲ့သို့ စိန်ခေါ်မှုများနှင့်အတူ နိုင်ငံများ၏ စီးပွားရေးခံနိုင်ရည်စွမ်းအား (Economic Resilience) ရှိရေးသည်လည်း အရေးကြီးလာကြောင်း၊ ယခုအချက်များကြောင့် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများသည် ပိုပြီးအရေးပါလာကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လက်ရှိတွင် မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိပြီး ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ရာဘာနှင့် ကုန်ကြမ်းများ၊ ချုပ်ပြီးအထည်များ မလေးရှားနိုင်ငံကိုတင်ပို့လျက်ရှိပြီး မလေးရှားနိုင်ငံမှ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချောများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတုကုန်ကြမ်းနှင့် ဆေးဝါးပစ္စည်း စသည်တို့ကို တင်သွင်းလျက်ရှိကြောင်း။
နှစ်နိုင်ငံ ကုန်သွယ်မှုကိုကြည့်ခြင်းအားဖြင့် ထုတ်ကုန်များသည် အပြန်အလှန် ဖြည့်ဆည်းနိုင်သည့် သဘောသဘာဝရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို မြှင့်တင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၏အချိုးအစားကို တိုးမြှင့်နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကိုတိုးမြှင့်ရာတွင် ကုန်သွယ်မှုပမာဏတိုးမြှင့်ရုံသာမက မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ကြမ်းနှင့် လယ်ယာ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များကို အရည်အသွေး၊ ထုပ်ပိုးမှု၊ အစားအစာ ဘေးကင်းလုံခြုံမှုနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်များကို ပိုမိုတင်ပို့နိုင်ရေးကို မလေးရှားနိုင်ငံ၏ နည်းပညာ၊ စီမံခန့်ခွဲမှု၊ အရည်အသွေးစံနှုန်း၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်တို့ကို ပေါင်းစပ်အသုံးချသည့် Joint Venture နှင့် Business-to-Business ပူးပေါင်းဆောင်ရွက်မှုပုံစံများကို ပိုမိုဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း။
ရင်းနှီးမြှုပ်နှံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းရန်အတွက် အဓိကကျသည့်အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ရင်းနှီးမြှပ်နှံမှုအတိုင်းအတာကို လေ့လာကြည့်ပါက လက်ရှိတွင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် နဝမမြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၂ ခုကို ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ အားသာချက်မှာ ကုန်ကြမ်းအရင်းအမြစ်နှင့် ထုတ်လုပ်မှုအခြေခံများရှိခြင်းသာမက တန်ဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန်နေရာနှင့် ဈေးကွက်အလားအလာများ ရှိနေကြောင်း၊ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်လုပ်သားဖွံ့ဖြိုးရေး၊ ဒေသတွင်း Supply Chain ချိတ်ဆက်မှုနှင့် Export Market Access တို့ပါဝင်သည့် ရေရှည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အစားအစာ ထုတ်လုပ်မှု၊ လယ်ယာထွက်ကုန် ပြုပြင်ထုတ်လုပ်မှု၊ Halal အစားအစာ၊ ရေထွက်ကုန်၊ ရာဘာနှင့် ရာဘာအခြေခံ ထုတ်ကုန်၊ ထုပ်ပိုးမှု၊ အအေးခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စက်မှုထုတ်ကုန်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များသည် နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်အသုံးချသွားရမည်ဖြစ်ကြောင်း။
ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနှင့်မလေးရှားနိုင်ငံတို့သည် အာဆီယံ မိသားစုဝင်နိုင်ငံများဖြစ်ကြပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထို့အပြင် နှစ်နိုင်ငံစလုံးသည် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်တွင်လည်း အတူပါဝင် လက်မှတ်ရေးထိုးထားကြကြောင်း၊ ယခုကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့်မူဘောင်များသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပေါင်းစည်းမှုကို ပိုမိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများဖြစ်သောကြောင့် ထိရောက်ပြီးအကျိုးရှိစွာအသုံးပြုနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များမှတစ်ဆင့် နှစ်နိုင်ငံရေရှည် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများကို အတူဆွေးနွေးဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် အလေးအနက်ထားကြောင်းကို ပြောကြားလိုကြောင်း။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံ၏ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းပြီး စားသောက်ကုန်ပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ မွေးမြူရေးနှင့် အသားငါးပြုပြင်ထုတ်လုပ်ခြင်း၊ ရာဘာနှင့် ရေထွက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်များတွင် အတူပူးပေါင်းရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ ထို့အတူ စိုက်ပျိုးရေးကဏ္ဍတွင်လည်း မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကိုအသုံးချပြီး မြန်မာနိုင်ငံ၌ ဆန်ကြိတ်ခွဲစက်ရုံများ၊ ပဲမျိုးစုံသန့်စင်ထုပ်ပိုးတဲ့စက်ရုံများ၊ အစားအစာပြုပြင် ထုတ်လုပ်ရေးစက်ရုံများ၊ အအေးခန်း သိုလှောင်ရုံများနှင့် စားနပ်ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်းများ တည်ထောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုတိုးတက်ရေးသာမက Farm-to-Market Supply Chain တစ်ခုလုံးကို ခေတ်မီအောင် ဖော်ဆောင်ရန်လည်း အရေးကြီးကြောင်း၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစု၊ ခေတ်မီစက်ယန္တရား၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုလျှော့ချရေး၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ အအေးခန်းသိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို တစ်ဆက်တည်း ပူးပေါင်းဖော်ဆောင်နိုင်ပါက မြန်မာ့လယ်ယာထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အအေးခန်းသိုလှောင်ရုံများနှင့်အတူ Digital Logistics ၊ Warehouse Management ၊ Cargo Tracking နှင့် အရည်အသွေး ထိန်းချုပ်မှုစနစ်များကိုပါ ပေါင်းစပ်ဖော်ဆောင်နိုင်ပါက လယ်ယာနှင့်ရေထွက်ကုန်များ၏ ရိတ်သိမ်းပြီးနောက်ဆုံးရှုံးမှုများကိုလျှော့ချနိုင်ပြီး Export Supply Chain ကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ယခုကဏ္ဍတွင် အတွေ့အကြုံများစွာရှိသည့် မလေးရှားနိုင်ငံအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ကြောင်း။
ဆက်လက်ပြီး မလေးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊ ဆီအုန်းသီးနှံကြိတ်ခွဲခြင်း၊ ဆီသန့်စင်ခြင်းနှင့် တန်ဖိုးမြှင့်စားသုံးဆီ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် အတွေ့အကြုံနှင့် နည်းပညာများ ပိုင်ဆိုင်ထားသည့်အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအရင်းအမြစ်များနှင့် ပေါင်းစပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမှသည် ဈေးကွက်ဖြန့်ဖြူးခြင်းအထိ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း၊ ယခုကဲသို့ ဆီအုန်းစိုက်ပျိုးမှုနှင့် စာအုန်းဆီထုတ်လုပ်မှုလုပ်ငန်းများကို ပထဝီဝင်ရာသီဥတုအရ သင့်တော်ကောင်းမွန်သည့် တနင်္သာရီတိုင်းအတွင်းတွင် ဆောင်ရွက်နိုင်ပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုကြောင်း။
မြန်မာနိုင်ငံတွင် မြေဧရိယာကျယ်ပြန့်စွာပိုင်ဆိုင်ပြီး စားကျက်မြေများစွာရှိသောကြောင့် မွေးမြူရေးနှင့် အသားငါးထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ကောင်းစွာဆောင်ရွက်နိုင်ပါကြောင်း၊ မလေးရှားနိုင်ငံ၏ Halal အစားအစာဈေးကွက်ကို ဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုစနစ်များ ဖော်ဆောင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ထိုမှတစ်ဆင့် မွေးမြူရေးခြံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေး၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသားထုတ်လုပ်မှုလုပ်ငန်းများတွင် မလေးရှား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်ဖိတ်ခေါ်လိုကြောင်း၊ ယခု ကဏ္ဍတွင် Halal Certification နှင့် Food Traceability စနစ်များ၊ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု၊ အအေးခန်းနှင့် အသားထုတ်လုပ်မှု နည်းပညာများကို ပူးပေါင်း ဖော်ဆောင်နိုင်ပါက မြန်မာနိုင်ငံ၏ မွေးမြူရေးထုတ်ကုန်များကို မလေးရှားဈေးကွက်နှင့် ဒေသတွင်း Halal ဈေးကွက်များကို ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်မည့် အခြေခံကောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် သံ၊ သံမဏိနှင့် ဘိလပ်မြေထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း မလေးရှားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများရှိကြောင်း။
အဆွေတော်တို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဇုန်များတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း။ စက်ရုံတည်ဆောက်ခြင်းအဆင့်မှာသာမက Industrial Cluster ဖော်ဆောင်ခြင်း၊ Supplier Network တည်ဆောက်ခြင်း၊ Logistics Hub နှင့် Export Processing Facilities များတည်ဆောက်ခြင်းတို့အထိ တိုးချဲ့ဖော်ဆောင်နိုင်ကြောင်း၊ ယခုကဲ့သို့ Clusterbased Development ပုံစံနှင့် ဆောင်ရွက်နိုင်ပါက မလေးရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား ရေရှည် Supply Chain ချိတ်ဆက်မှုများကို ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တည်ဆောက်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လုပ်ငန်းလိုအပ်ချက်နှင့် တည်နေရာအားသာချက်ကိုမူတည်ပြီး စွမ်းအင်စီမံကိန်းများ၊ စက်မှုစီမံကိန်းများကို ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် အဆိုပြုတည်ထောင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် MSME လုပ်ငန်းများသည်လည်း နှစ်နိုင်ငံ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၏ commerce စနစ်အကောင်အထည်ဖော်ခြင်း၊ ကျွမ်းကျင်မှု လုပ်ငန်းခွင်သင်တန်းကျောင်းများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ MSME စက်မှုထုတ်ကုန်များ ချိတ်ဆက်ပူးပေါင်းထုတ်လုပ်ခြင်းတို့ဖြင့် နှစ်နိုင်ငံအကျိုးရှိမည့် Value Chain တစ်ခုကိုဖန်တီးနိုင်ကြောင်း၊ MSME ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံ MSME များအကြား Business Matching Supplier Matching နှင့် Technology Matching အစီအစဉ်များကို ပုံမှန်ကျင်းပပေးနိုင်ပါက အကျိုးရှိမည်ဟုယုံကြည်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ E-commerce နှင့် Digital Business အတွေ့အကြုံများကို မြန်မာ MSME ထုတ်ကုန်များနှင့်ချိတ်ဆက်ပေးခြင်းအားဖြင့် အာဆီယံဈေးကွက်ကို အွန်လိုင်းမှတစ်ဆင့်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် နောက်ထပ်အရေးပါသည့် ကဏ္ဍတစ်ခုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍဖြစ်ကြောင်း၊ လက်ရှိမလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ များစွာရှိနေသည့်အတွက် Remittance channel အရေးကြီးကြောင်း၊ တရားဝင် channel ကို အသုံးပြုရသည်မှာ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက Financial flow ပိုမိုကောင်းမွန်လာပြီး ရွှေ့ပြောင်းလုပ်သားများအတွက်လည်း လုံခြုံစိတ်ချရသည့် ငွေလွှဲလမ်းကြောင်းဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဘဏ်များ၊ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် FinTech ကုမ္ပဏီများအကြားပူးပေါင်းပြီး ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှုများကို လုံခြုံ၊ မြန်ဆန်၊ ပွင့်လင်းပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် Digital Payment နှင့် တရားဝင်ငွေကြေးလွှဲပြောင်းမှု (Remittance) များ ဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဖက်အကျိုးရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နှစ်နိုင်ငံဘဏ်များအကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများတိုးချဲ့ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့များ ပိုမိုရရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း၊ ငွေပေးချေမှုနည်းပညာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာအန္တရာယ်စီမံခန့်ခွဲမှု အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံနှင့်မျှဝေခြင်း၊ နှစ်နိုင်ငံဘဏ်များအကြား နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်မိကြောင်း။
အလားတူ မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများကိုလည်း အားပေးဖော်ဆောင်လျက်ရှိရာ ယခုကဏ္ဍများသည် သိသိသာသာ တိုးတက်ထွန်းကားလာနေသည့် မလေးရှားနိုင်ငံက လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိနေကြောင်း ပြောကြားလိုကြောင်း၊ မလေးရှားနိုင်ငံသည် ပညာရေးနှင့်ပတ်သက်ပြီး ပညာရေးကုန်ကျစရိတ်သင့်တင့်မှု၊ နိုင်ငံခြားကျောင်းသားများကို ဆွဲဆောင်နိုင်မှုများကြောင့် ဒေသတွင်းပညာရေးဗဟိုချက်တစ်ခုဖြစ်လာနေသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံ၏ နိုင်ငံတကာပညာရေးလုပ်ငန်း အတွေ့အကြုံကိုအသုံးချပြီး မြန်မာနိုင်ငံတွင် ပညာရေးလုပ်ငန်းများ တည်ထောင်ခြင်း၊ ပူးတွဲသင်တန်းများဖွင့်လှစ်ခြင်းနှင့် ပညာရေးဝန်ဆောင်မှုများ တိုးချဲ့ခြင်းတို့ကို စီးပွားရေးအခွင့်အလမ်းအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ကျန်းမာရေးကဏ္ဍသည်လည်း မြန်မာ-မလေးရှားနှစ်နိုင်ငံအနေဖြင့် ဆေးရုံနှင့် ဆေးခန်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်း (Medical Tourism)၊ Telemadicine/ Telecounsultation ၊ ကျန်းမာရေးနည်းပညာနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးစသည့်အပိုင်းများတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း။
မလေးရှားနိုင်ငံအနေဖြင့် သဘာဝထွက်ကုန်စီးပွားရေးစနစ်မှ ခေတ်မီနည်းပညာ၊ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ ဉာဏ်ရည်တု (AI)၊ ဒေတာစင်တာတည်ဆောက်ခြင်း စသည့်ခေတ်မီစက်မှုစီးပွားရေးစနစ်ကို အောင်မြင်စွာကူးပြောင်းနေသည်ကို လေ့လာသိရှိရကြောင်း၊ ယခုကဲ့သို့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံရန်အတွက်လည်း မြန်မာနိုင်ငံသည် အကြီးမားဆုံး အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသတစ်ခုဖြစ်သည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပြင်ဦးလွင်မြို့ အနီးတဝိုက်တွင် ဖွင့်လှစ်ထားကြောင်း၊ စီမံကိန်းဧရိယာ ၂၈၀၀ ဟတ်တာကျော် (၇၀၀၀ ဧက) ခန့် ကျယ်ဝန်းသည်အတွက် အိုင်တီလုပ်ငန်းသစ်များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများအပြင် High-Tech Zone သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် နည်းပညာနှင့်ဝန်ဆောင်မှု အခြေပြုထုတ်လုပ်မှုဇုန်များပါဝင်ကြောင်း၊ မြန်မာနိုင်ငံအတွက် အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု (AI) အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးများတွင် စိတ်ပါဝင်စားသည့် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ အထူးသဖြင့် မလေးရှားနိုင်ငံ၏ Electrical and Electronics Semiconducton Machinery and Equipment နှင့် Digital Technology ကဏ္ဍများသည် ရှိပြီးသားအတွေ့အကြုံနှင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ လုပ်သားအင်အားနှင့် ဈေးကွက်အခြေခံတို့ကိုပေါင်းစပ်ပြီး Assembly၊ Component Manufacturing Technical Training နှင့် Technology Transfer လုပ်ငန်းများကို ပူးပေါင်းဖော်ဆောင်နိုင်မည့် အလားအလာများရှိကြောင်း၊ ထိုသို့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းထက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုပါ တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် Malaysian technology companies များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ နည်းပညာသင်တန်းကျောင်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများအကြား Internship၊ Vocational Training Technical Certification နှင့် Skills Development Program များကို ပူးပေါင်းဖော်ဆောင်နိုင်ကြောင်း။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလက်တွေ့ကျစေရန်အတွက် နှစ်နိုင်ငံအစိုးရဌာနများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ Chamber of Commerce များနှင့် ပုဂ္ဂလိက ကဏ္ဍတို့ပါဝင်သည့် ပုံမှန် Business Dialogue နှင့် Business Matching Mechanism တစ်ရပ်ကို ပိုမိုအားကောင်းအောင်ဖော်ဆောင်နိုင်ပါက ကောင်းမွန်မည်ဟုယုံကြည်ကြောင်း၊ အဆိုပါမူဘောင်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ကုန်သွယ်နိုင်သည့် ထုတ်ကုန်များ၊ လိုအပ်သည့်နည်းပညာနှင့် အရည်အသွေးစံနှုန်းများ၊ မိတ်ဖက်လုပ်ငန်းများနှင့် ဈေးကွက်လိုအပ်ချက်များကို တစ်နေရာတည်းမှာ ချိတ်ဆက်ပေးနိုင်မည့် Business Information and Investment Facilitation Platform တစ်ရပ်ကိုလည်း ဖော်ဆောင်နိုင်ကြောင်း၊ ယခုလုပ်ငန်းစဉ်များမှတစ်ဆင့် ယနေ့ဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေးခြင်းကိုသာမက လက်တွေ့ကျသည့် Investment Project၊ Joint Venture ၊ Export Contract နှင့် Technology Partnership များအဖြစ် ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း။
မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူပိုင်ခွင့်ဥပဒေ (၄) ရပ်နှင့်အညီ အကာအကွယ်ပေးထားပြီဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် အလုပ်အကိုင်များဖန်တီးခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း အလေးထားကြောင်း၊ အခြားတစ်ဖက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း မူဝါဒနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုကိုနီးကပ်၍ ဆက်ဆံရေးရှိသည့် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံ များနှင့်အတူ လက်တွဲဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် မလေးရှားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ယနေ့အခမ်းအနားကို အခွင့်အလမ်းများကိုဖလှယ်ဆွေးနွေးသည့် နေရာတစ်ခုအဖြစ်သာမက နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို စတင်အကောင်အထည်ဖော်နိုင်မည့် Platform တစ်ခုအဖြစ် ရှုမြင်စေလိုကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝနှင့်လူ့စွမ်းအားအရင်းအမြစ်များ၊ မလေးရှားနိုင်ငံ၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ပေါင်းစပ်အသုံးချပြီး “ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုမှ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုမှဒေသတွင်း ဈေးကွက်ချိတ်ဆက်မှု” ဟူသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု ကွင်းဆက်တစ်ရပ်ကို အတူတကွ တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ အထူးသဖြင့် မလေးရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုအတွက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ်ရှုမြင်ပြီး ရေရှည်အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
မလေးရှားနိုင်ငံမှလုပ်ငန်းရှင်များက အသီးသီးဆွေးနွေးတင်ပြ
ဆက်လက်၍ တက်ရောက်လာကြသည့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းများအပါအဝင် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးရေးအပါအဝင် ဘက်စုံစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်နှင့်နည်းပညာကဏ္ဍ၊ သံမဏိ (Steel) နှင့် သတ္တုရိုင်းထုတ်လုပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများအပါအဝင် ဆောက်လုပ်ရေးကဏ္ဍတို့၌ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှု၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းမှုများဆောင်ရွက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများနှင့်ပတ်သက်၍ မဟာဗျူဟာမြောက်စီးပွားရေး အမြင်သုံးသပ်တွေ့ရှိမှုများ၊ မြန်မာနိုင်ငံနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှု စံသတ်မှတ်ချက်များအနေဖြင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်မှုအခြေအနေများ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် လက်တွေ့ကျသည့် အကြံပြုချက်များ၊ အလားအလာများ၊ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အကျယ်တဝင့် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများနှင့် အလားအလာများ၊ အခြေအနေများကို အဖွင့်၌ထည့်သွင်းပြောကြားခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အခွင့်အလမ်းများနှင့် အကြံပြုချက်များ၊ သုံးသပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးသွားကြသည်ကို အားရဖွယ်တွေ့မြင်ရပါကြောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သည်ကို မိမိအနေဖြင့် ကောင်းစွာသိရှိ လက်ခံထားပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍လည်း ဥပဒေပြဋ္ဌာန်းချက်များဖြင့် အာမခံချက်ပေးထားပါကြောင်းနှင့် ယုံကြည်စိတ်ချစွာဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးဖိတ်ခေါ်လိုပါကြောင်း။
မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးမှုများအားလုံးသည် မြန်မာနိုင်ငံ၌ အမှန်တကယ်လိုအပ်ချက်များရှိနေသည့် လက်တွေ့ကျသည့် ကိစ္စရပ်များပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေးအရ အားကောင်းလာစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသို့လာရောက်၍ လက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေများကို ကိုယ်တိုင်လေ့လာ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် အလားအလာနှင့် အခွင့်အလမ်းများကို ဆုပ်ကိုင်အကောင်အထည်ဖော် ဆောင်ကြစေလိုကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံထိပ်သီးလုပ်ငန်းရှင်များ အချင်းချင်းရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးရသည့်အချိန်တွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုကနဦးတွေ့ဆုံမှုသည် အောင်မြင်ပြီးအပြုသဘောဆောင်သည့် ဆွေးနွေးမှုပင်ဖြစ်ပြီး ယခုထက်ပိုမိုကျယ်ပြန့်ပြီး လက်တွေ့အကျိုးရှိမည့် စီးပွားရေးမျက်နှာစာသစ်တစ်ခုကို အတူတကွပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment