၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက်
လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌
ကျင်းပရာ လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်
အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်
ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊
ဒုတိယဝန်ကြီးများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက်
လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်အရ
ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအောက်တွင် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့် ဆပ်ကော်မတီ
(၁၀)ခုကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားကို
နိုင်ငံတော်အဆင့်နှင့်အညီ အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက်
နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်ကို
ချမှတ်ပေးခဲ့ကြောင်း။
အဆိုပါ ဦးတည်ချက်(၄)ရပ်မှာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပေါ်
အခြေခံပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အစဉ်ရှေးရှုဖော်ဆောင်ရေး၊
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့်
ပူးပေါင်းဆောင်ရွက်ရေး၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် ဆောင်ပုဒ်အတိုင်း
ပြည်သူနှင့် အစိုးရသည် မဆုတ်မနစ်သည့် ဇွဲလုံ့လများနှင့် လက်တွဲညီညီဆောင်ရွက်ရေး၊
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝံ့ကြွားနိုင်သော
နိုင်ငံတစ်ခုဖြစ်လာစေရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရေးတို့ဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့အခမ်းအနားများ အောင်မြင်စွာ
ကျင်းပနိုင်ရန်အတွက် ဆပ်ကော်မတီများမှ တာဝန်ရှိသူအားလုံး
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့်
ယခင်နှစ်များက တွေ့ကြုံခဲ့ရသည့် အားနည်းချက်များနှင့် အားသာချက်များအပေါ်
ပြန်လည်သုံးသပ်ပြီး လစ်ဟာမှုမရှိဘဲ ကျင်းပနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဖြင့်
ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် ၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက်
လွတ်လပ်ရေးနေ့အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသော
ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့်
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ်
ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ
နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

No comments:
Post a Comment