Friday, October 23, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး


နေပြည်တော် အောက်တိုဘာ ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက် (Mini Theatre) ကျင်းပပြုလုပ်လျက်ရှိသည့် အတီး (ပတ္တလား) အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲကိုလည်းကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၊ နီလာခန်းမ၌ ကျင်းပပြုလုပ်သည့် အတီး(စောင်း) အခြေခံပညာ (အသက် ၁၅ နှစ်မှ အသက် ၂၀ နှစ်) (အမျိုးသမီး)ပြိုင်ပွဲနှင့် အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) (အမျိုးသမီး) ပြိုင်ပွဲကိုလည်းကောင်း၊ မြခန်းမ၌ ကျင်းပြုလုပ်သည့် အဆို (အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး) အဆင့်မြင့်ပညာ (အမျိုးသမီး)ပြိုင်ပွဲကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင် အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

အဆိုပါပြိုင်ပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုပညာကိုချစ်မြတ်နိုးကြသည့် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment