Saturday, October 3, 2026

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်


ဟားခါး အောက်တိုဘာ ၃

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာကြီးကြပ်မှုနာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျရောက်သည့် သက်ကြီးပုဂ္ဂိုလ်များနေ့ဟာ နိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်သည့် သက်ကြီးပုဂ္ဂိုလ်များကို ဂုဏ်ပြုသည့်နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေဟာ ၅၁ ဒသမ ၃ သန်းခန့်ရှိပြီး အသက် ၆၀ နှစ် အထက် လူဦးရေဟာ ၆ ဒသမ ၁၀ သန်းကျော်ရှိသည့်အတွက် စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၀ နှစ်အထက် လူဦးရေဟာ ၁၃ သန်းခန့်ရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးပွားလာနိုင်သည်ဟု တွေ့ရှိရကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များသည် မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အတွေ့အကြုံဗဟုသုတ၊ ရိုးရာယဉ်ကျေးမှုနှင့် တန်ဖိုးရှိသော အမွေအနှစ်များကို လက်ဆင့်ကမ်းပေးသူများဖြစ်ကြောင်း၊ ယနေ့ရရှိခံစားနေသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ကွယ်တွင် သက်ကြီးပုဂ္ဂိုလ်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများ များစွာပါဝင်ကြောင်း၊ ထို့ကြောင့် သက်ကြီးပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် လူမှုဘဝလုံခြုံရေးတို့ကို လေးစားကာကွယ်ပေးရန်မှာ မိသားစုတစ်ခုတည်း၏ တာဝန်သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး၏ တာဝန်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အသက် ၈၅ နှစ်မှ ၈၉ နှစ်အထိ ဘိုးဘွား (၁၄၁) ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက် ၉၀ နှစ်အထက် ဘိုးဘွား ၈၈ ဦးအား တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးသကဲ့သို့ စုစုပေါင်း ဘိုးဘွား (၂၂၉) ဦးအတွက် တစ်ဦးလျှင် ကြက်ဥ (၁၀) လုံး ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တွင် ချင်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၂၂၉)ဦးအား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၆) လစာအတွက် လအလိုက်ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ကြီးပုဂ္ဂိုလ်များ၏ ကျန်ရှိနေသေးသည့် လူ့ဘဝသက်တမ်းကာလ၌ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ညှိုးနွမ်းမှုမရှိစေဘဲ လုံခြုံနွေးထွေးစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်သူများဖြစ်အောင်နှင့် ကျန်းမာတက်ကြွသက်ကြီးဘဝရရှိအောင် အားပေးမြှင့်တင်ပေးကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။ 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှပေးပို့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့် Video Clip ပြသသည်။

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ်အတွင်း အသက် (၈၅)နှစ်အထက်နှင့် (၉၀)နှစ်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှ ဘိုးဘွားများအတွက် လှူဒါန်းသည့် ဆေးမျိုးစုံကို ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်မောင်ကပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း လက်ခံရယူပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာကြီးကြပ်မှုနာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများက သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)


No comments:

Post a Comment