ဒုတိယသမ္မတ ဦးညိုစောသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်
ရဲဝင်းအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒေသထွက် ကုန်ကြမ်းများကို
အခြေခံသည့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)
လုပ်ငန်းများဖြစ်သည့် မြန်မာ မာကို အင်ဒတ်စထရီ
ကုမ္ပဏီလီမိတက်၏ နိုင်ငံခြားသွင်းကုန် အစားထိုး ငါးသေတ္တာ
စည်သွပ်ဘူးထုတ်လုပ်နေမှု၊ တစ်ရက်လျှင် တန် ၁၀၀ ကျ အိုကေရတနာ အဆင့်မြင့်ဆန်စက်
လည်ပတ်ဆောင်ရွက်နေမှုနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု အခြေအနေတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ
မြိတ်မြို့ရှိ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းများ ဆောင်ရွက်မည့်
နေရာသို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုလေ့လာကာ ငါးလေလံဈေး၌ ငါး၊
ပုဇွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ
ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြစ်ရေစီးဆင်းမှုနှင့်
ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမည့်နေရာကိုလည်းကောင်း၊ ဆိုလာလျှပ်စစ်
ဓာတ်အားပေးစနစ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ရွှေဥဩ ထားဝယ်ရိုးရာယက္ကန်းစက်ရုံ၏
ထားဝယ်ရိုးရာ လုံချည်အမျိုးမျိုး ထုတ်လုပ်နေမှုနှင့် ကျော်ကျော်မုန့်တိုက်၏
ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ထားဝယ်မြို့ အဆင့်မြင့်ဈေးတည်ဆောက်ရန်
သတ်မှတ်လျာထားသည့် မြေနေရာကိုလည်းကောင်း လှည့်လည်ကြည့်ရှုရာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်
ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားအား
သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများပေးအပ်ကာ စေတီတော်ပရိဝုဏ်အတွင်း
လှည့်လည်ကြည်ညိုသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌
ကျင်းပသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်သမ္မတ
တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်သည့် ခရီးစဉ်တွင် လမ်းညွှန်မှာကြားခဲ့သည့်
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊
စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME ထုတ်ကုန်များထုတ်လုပ် တင်ပို့နိုင်ရေးဆိုင်ရာ
လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များကို
ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို
အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်
အားပေးဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက်ရှိသည့် ကော်ဖီနှင့်ကိုကိုး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်
သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအတွင်း ဆန်နှင့်ဆီဖူလုံမှုရှိအောင်
ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်၊ ဒေသနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ
တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်ရန်၊ လောင်းလုံသဘာဝဘေး
ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍
ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်
အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အသေးစိတ် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ
လမ်းညွှန်မှာကြားမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီး၏
ခုနှစ်အလိုက် စိုက်ပျိုး၊ မွေးမြူရေးဆောင်ရွက်ခဲ့မှု၊ ထွက်ရှိမှုနှင့် ဒေသတွင်း
ဝမ်းစာဖူလုံမှုအခြေအနေ၊ နှစ်အလိုက် ကုန်သွယ်ခဲ့မှုနှင့် ဝင်ငွေရရှိခဲ့မှုအခြေအနေ၊
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှု၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု၊
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်တင်ပြကြသည်။
ဆက်လက်၍ ဒုတိယသမ္မတက တင်ပြချက်များအပေါ်
ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ
နိဂုံးချုပ်အမှာစကားပြောကြား၍ တွေ့ဆုံပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

No comments:
Post a Comment