Monday, October 26, 2026

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်တွေကို လူငယ်တွေဆက်လက်ပြီး ထိန်းသိမ်းစေချင်ပါတယ် ဒါမှသာ လက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်


မသဉ္ဇာလင်း

နေပြည်တော် အောက်တိုဘာ ၂၅

(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအားတွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -








ဦးကျော်ကျော်

(ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု)

ဝါသနာရှင်(ပထမတန်း) အရေးပြိုင်ပွဲဝင်

အရေးလေ့ကျင့်မှာတော့ သုံးပါးရတနာ သီချင်းနဲ့ရေးဖွဲ့ခဲ့တယ်။ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေ ကျွန်တော်တို့နိုင်ငံမှာ အထွတ်အမြတ်ထားတဲ့အကြောင်း လေးတွေ ရေးဖွဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနေ့ကတော့ ရေးထားတဲ့သီချင်းကို အရေးပြန်ဆိုယှဉ်ပြိုင်တာပါ။ ပြီးခဲ့တစ်နှစ်ကျော်တုန်းက ဝါသနာရှင်ပထမတန်းအရေးပြိုင်ပွဲမှာ မြန်မာ့ရိုးရာအမွေအလှ တိုးဖြာစေသီချင်းနဲ့ ငွေတံဆိပ်ရခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးမှုမရှိအောင် ကိုယ့်ရိုးရာအမွေအနှစ်တွေကို ချစ်မြတ်နိုး တန်ဖိုးထားလာအောင် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်အောင် ဒီလိုပြိုင်ပွဲမျိုးတွေ နှစ်တိုင်းကျင်းပပေးစေလိုပါတယ်။ အခုလိုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း မျိုးဆက်သစ်တွေ ကိုယ်စားကျေးဇူးတင်ပါတယ်လို့ပြောကြား လိုပါတယ်။

မဖူးဧကရီဆောင်း

(ဝါသနာရှင်၊ ပထမတန်း၊ အက)

သမီးက မွန်ပြည်နယ်ကိုကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ တတိယဆုရရှိခဲ့ပါတယ်။ ဒီနှစ်အတွက်လည်းအများကြီး ကြိုးစားခဲ့ပါတယ်။ အကနဲ့ယှဉ်ပြိုင်ရာမှာ အားရကျေနပ်မှုရှိပေမယ့် သီချင်းဆိုရာမှာ ကိုယ့်အသံကိုယ်သိပ်မကြားရလို့ အားသိပ်မရပါဘူး။ အခါအခွင့်သင့်ရင်လည်း နောက်နှစ်တွေမှာ လာရောက်ယှဉ်ပြိုင်ဦးမှာပါ။ အနုပညာအနေနဲ့ကတော့ သီချင်းလည်း ဆိုပါတယ်၊ ကလည်းကပါတယ်။ ကိုယ်လုပ်နေတဲ့အနုပညာတစ်ခုကို အခုလိုချပြခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပီတိဖြစ်ရပါတယ်။

မောင်ရဲရင့်ဗိုလ်

(ဝါသနာရှင်၊ ဒုတိယတန်း၊ အက)

ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဗဟိုအဆင့်မှာ ပထမဆုံးယှဉ်ပြိုင် တာဖြစ်ပါတယ်။ အများကြီးကြိုးစားခဲ့ရ ပါတယ်ခင်ဗျာ။ ပထမဆုံးဗဟိုအဆင့် ယှဉ်ပြိုင်ရတာဆိုတော့ စိုးရိမ်စိတ်လေးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ အားရကျေနပ်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားပါမယ်။ သင်ကြားပြသပေးခဲ့တဲ့ဆရာတွေကို ကျေးဇူးတင်ရသလို လာရောက်ယှဉ်ပြိုင်ရလို့လည်း ပျော်ရွှင်ရပါတယ်။

ဦးပြည့်စုံ

(စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု) ဝါသနာရှင် (ဒုတိယတန်း) နှဲပြိုင်ပွဲ

ကျွန်တော့်အကြိုက်ဆုံး သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရှေ့နှစ်တွေက ဒုတိယဆုတွေနဲ့ ကျေနပ်ခဲ့ရတဲ့အတွက် ဒီနှစ်ကို ရွှေတံဆိပ်ဆုရအောင် အချိန်တွေအများကြီးပေးပြီး လေ့ကျင့်ခဲ့ပါတယ်။ နှဲပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာမှုတ်နိုင်ဖို့ဆိုရင် အနည်းဆုံးသုံးနှစ်လောက်လေ့လာပြီး လေ့ကျင့်မှသာ ကျွမ်းကျင်တဲ့နှဲမှုတ်သူတစ်ဦးဖြစ်လာမှာပါ။ အပြင်အသက်မွေးဝမ်းကျောင်းအနေနဲ့ ဗလာဆိုင်းမှာ နှဲပညာရပ်နဲ့လိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မသဉ္ဇာလင်း

(ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု) ဝါသနာရှင် (ပထမတန်း)

တယောအတီးပြိုင်ပွဲဝင်

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုနဲ့ တယောအတီးပြိုင်ပွဲကို အောင်မင်္ဂလာ (ယိုးဒယား) သီချင်းနဲ့ ယှဉ်ပြိုင်တာပါ။ ဆုရမယ်လို့ မျှော်လင့်ပါတယ်။ အရင်(၂၃)ကြိမ်မြောက် အဆင့်မြင့်ပညာအဆင့် တယောပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခု၊ (၂၄)ကြိမ်မြောက်မှာ တယောနဲ့ပဲ ဝါသနာရှင် (ပထမတန်း)မှာ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ တယောသင်တာကတော့ တက္ကသိုလ် ဝင်စာမေးပွဲအောင်ပြီး ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်တက်တဲ့နှစ်မှာ စတင်သင်ကြားဖြစ်တာပါ။ မြန်မာ့ရိုးရာယဉ်ကျေး မှုအနုပညာရပ်တွေကို လူငယ်တွေဆက်လက်ပြီး ထိန်းသိမ်းစေချင်ပါတယ်။ ဒါမှသာ လက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။

တက္ကသိုလ်အင်ကြင်း

ဝါသနာရှင်( ဒုတိယတန်း)

ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲဝင်

ဆိုင်းအဖွဲ့လိုက်ပြိုင်နိုင်ဖို့အတွက် သုံးလလောက် စည်းစည်းလုံးလုံးနဲ့ လေ့ကျင့်ခဲ့တယ်။ ဒီမှာအဖွဲ့အားလုံး လေးဖွဲ့ယှဉ်ပြိုင်ကြပါတယ်။ အကုန်လုံးက ပြိုင်ဘက်ကောင်းတွေပါ။ လာမယ့်နှစ်ကျရင် လာပြိုင်ဦးမှာပါ။ ကျွန်မဆရာရဲ့သင်ကြားပို့ချမှု ကြောင့်သာ ဒီလိုပြိုင်ပွဲမျိုးကို ရောက်လာတာပါ။ ဆရာ့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာတွေရဲ့သင်ပြသမျှကိုလည်း ဆက်လက်ပြီး ကြိုးစားသင်ယူနေမှာပါ။ ကျွန်မအနေနဲ့ အပြင်မှာလည်း တက္ကသိုလ်အင်ကြင်းအမည်နဲ့ အလှူဗလာဆိုင်းတီးပါတယ်။ နောက်မျိုးဆက်သစ်တွေကိုလည်း ကိုယ်တတ်နိုင်သလောက် လက်တွဲခေါ်ပါ့မယ်။ ပြိုင်ပွဲတာဝန်ယူနေတဲ့ ဆရာသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဦးအာကာလင်း

အတီး (စန္ဒရား)ပြိုင်ပွဲဝင်ဝါသနာရှင် (ပထမတန်း)

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်စန္ဒရားပညာကို အသက် ၁၅ နှစ်အရွယ်မှာ စတင်သင်ယူခဲ့တာပါ။ ဒီပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီးလေ့ကျင့်ခဲ့ပါတယ်။ (၂၅)ကြိမ် မြောက်ပြိုင်ပွဲတွင် ဝါသနာရှင်(ဒုတိယတန်း)မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆုလည်းရခဲ့ပါတယ်။ စန္ဒရားတူရိယာကို ရွေးချယ်ဖြစ်ခဲ့တာကတော့ ကျွန်တော်အနုပညာကို စန္ဒရားနဲ့ပဲစတင်ခဲ့တာ။ 

အဘိုးက ဇာတ်မင်းသားပါ။ အဖေကမယ်ဒလင်တီးပါတယ်။ အဲဒါကြောင့် ငယ်ငယ်ကတည်းက မြန်မာသံကို နားထဲစွဲနေတာပါ။ ပြိုင်ပွဲတွေကျင်းပပေးတာ ကောင်းပါတယ်။ လူငယ်တွေအနေနဲ့လည်း မဟာဂီတဆိုတဲ့ မြန်မာသံသီချင်းကြီးတွေကို ထိန်းသိမ်းတန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ-

ဟိန်းဇော်မင်း

No comments:

Post a Comment