နေပြည်တော် အောက်တိုဘာ ၂၃
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့်
အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး
မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင်
အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ
ဆောင်ရွက်လျက်ရှိသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း လိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ
မရှိစေရန်အတွက် အခြေပြုနေထိုင်ခြင်း မရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့်
ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက် ညနေ
၄ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊
မိုင်းတွမ်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်
လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၉၅ ဦးနှင့်
အမျိုးသမီး ၄ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်
အလျား ၁၀၀ ပေ အနံ ၅၀ ပေရှိ သွပ်မိုးသွပ်ကာ အဆောက်အအုံ ၁ လုံးအတွင်းမှ All
in One ကွန်ပျူတာ ၁၃ လုံး၊
ဖုန်းမျိုးစုံ ၁၉၃ လုံး၊ StarLink ၂ လုံး၊ စားပွဲ ၂၃ လုံး၊ ထိုင်ခုံ ၉၂ လုံးတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့်
ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက
တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး
သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ
လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ
ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ
အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်
အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း
ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက်
ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး
အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေမှုများအား သိရှိပါက
သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်
ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု
တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment