Saturday, October 3, 2026

မွေးမြူရေးတိရစ္ဆာန်များအတွက် ကုန်ကျစရိတ်အနည်းဆုံးနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနည်းခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂

မွေးမြူရေးတိရစ္ဆာန် အစာစရိတ် အနည်းဆုံးဖြစ်စေရန်နှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မည့်နည်းလမ်းများကို စနစ်တကျ အသုံးပြုဆောင်ရွက်ပါက ထုတ်လုပ်မှုကို မထိခိုက်စေဘဲ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိစေနိုင်မှုကို ပညာပေးဆွေးနွေးနိုင်ရန်ရည်ရွယ်၍ မွေးမြူရေး တိရစ္ဆာန်များအတွက် ကုန်ကျစရိတ်အနည်းဆုံးနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနည်းခေါင်းစဉ်ဖြင့် (၁၂၈) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက်က ကျင်းပသည်။

ဆွေးနွေးပွဲတွင် မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမီထွေးနှင့် ဦးစီးအရာရှိ ဒေါက်တာမြရတနာချစ်တို့က မွေးမြူရေးတိရစ္ဆာန်များအတွက် ကုန်ကျစရိတ် အနည်းဆုံးနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနည်းခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် အသေးစိတ်ပြန်လည်ဖြေကြား ကြသည်။

ထို့ပြင် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက မွေးမြူရေးကဏ္ဍ အောင်မြင် စေရန်အတွက် အခြေခံအကျဆုံးနှင့် ကုန်ကျစရိတ်အများဆုံးဖြစ်သည့် အစာအာဟာရစီမံခန့်ခွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ တိရစ္ဆာန်များကို အစာပမာဏများများ ကျွေးခြင်းထက် ခန္ဓာကိုယ်လိုအပ်ချက်နှင့် ကိုက်ညီသောအာဟာရကို စနစ်တကျ ကျွေးမွေးရန်လိုအပ်မှု၊ ဒေသတွင်း၌ လွယ်ကူစွာရရှိနိုင်သော အစာကုန်ကြမ်းများနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို ယူရီးယားဖြင့် အာဟာရမြှင့်တင်ခြင်း၊ အစာချဉ်ဖတ်ပြုလုပ်ခြင်း စသည့်နည်းလမ်းများကို စနစ်တကျတန်ဖိုးမြှင့်တင် ကျွေးမွေးကြရန်လိုအပ်မှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment