နေပြည်တော် အောက်တိုဘာ ၂၈
၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာထရက်ဆာ ပရဲညိုလာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ လူသားချင်းစာနာမှုခရီးစဉ် လာရောက်လျက်ရှိသည်။
အထူးကိုယ်စားလှယ်နှင့်အဖွဲ့ ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်
လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည်
AHA Centre မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များပါဝင်သော
အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN Monitoring Team-AMT) နှင့်အတူ ရှမ်းပြည်နယ်
(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့်
တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်း ကျေးရွာတို့၌ AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏
အကူအညီဖြင့် ပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်၊ မိသားစုသုံးပစ္စည်းနှင့်
တစ်ကိုယ်ရည်သုံးပစ္စည်း များအား အကူအညီလိုအပ်နေသူများထံ ထောက်ပံ့ပေးအပ်နေမှုများကို
လေ့လာကြည့်ရှုသည်။
ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည်
တောင်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ရောက်ရှိခဲ့သည်။
နေပြည်တော်လေဆိပ်သို့ ရောက်ရှိချိန်တွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment