Wednesday, October 14, 2026

တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော် အောက်တိုဘာ ၁၃

ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းပြင်ပ အသိပညာဗဟုသုတများစွာရရှိစေရန်နှင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ ယှဉ်တွဲလေ့လာနိုင်စေရန်၊ မြန်မာ့သမိုင်းစဉ် ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် အထွေထွေ ဗဟုသုတများကို လေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း (မင်္ဂလာဒီပ) နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (ညောင်လူး) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ရောက်ရှိကြပြီး တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များ၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

ဆက်လက်၍ တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကိုကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များပေးဝေခဲ့ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

သတင်းစဉ်


No comments:

Post a Comment