AFC U-17 Women’s Asian Cup 2027 ခြေစစ်ပွဲ အုပ်စု(G) ပွဲစဉ်အဖြစ် ယနေ့ ညနေ ၄ နာရီက မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းနှင့် ဂူအမ် ယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ကိုးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မြန်မာယူ-၁၇
အသင်းသည် ယနေ့ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဂူအမ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး
ပထမပိုင်းပွဲချိန်အတွင်း သုံးဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းတွင်လည်း ခြောက်ဂိုးအထိ
ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း၏ အနိုင်ဂိုးများကို တိုက်စစ်မှူး ဝင်းရူပါက ပွဲချိန်
၃၀၊ ၅၁၊ ၅၃ နှင့် ၇၁ မိနစ်တို့တွင် လေးဂိုး သွင်းယူပေးခဲ့ပြီး ပွဲချိန် ၄၁ မိနစ် နန်းခမ်းဟွမ်၊
၄၃ မိနစ်တွင် ဟန်နီဖူးဝေ၊ ၅၈ မိနစ်တွင် ဆောင်းသဇင်ဦး၊ မိနစ် ၆၀ တွင် ရှင်းသန့်ဖြူစင်ပြုံးနှင့်
၆၂ မိနစ်တွင် နေမျိုးသူသူအောင်တို့က အနိုင်ဂိုးများ အသီးသီးသွင်းယူပေးခဲ့သည်။
ဂူအမ် ယူ-၁၇
အမျိုးသမီးအသင်းသည် ပွဲချိန်တစ်လျှောက် ခံစစ်ကို အဓိကထား ကစားခဲ့ရပြီး ချေပဂိုးရရှိရေးအတွက်
တန်ပြန်ထိုးဖောက်မှု အချို့ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်ပိုင်းကို
ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘဲ ပွဲပြီးဆုံးချိန်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
အုပ်စု(G) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာယူ-၁၇ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌
ဟောင်ကောင်ယူ-၁၇ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂူအမ်အသင်းက
အောက်တိုဘာ ၈ ရက်တွင် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment