နေပြည်တော် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် ဖြင့် UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယနေ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် ရေဘေးသင့်ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်တို့ကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်ကာ ရေကြီးနစ်မြုပ်ခဲ့သည့် လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့အတူ ဓမ္မာရုံအတွင်း ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးစခန်းသုံးခုမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၅၀၊ လေးမျက်နှာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ဟင်္သာတမြို့နယ် ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့နယ်ရုံး၌ ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါခရီးစဉ်အတွင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကျုံပျော်မြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် မြို့နယ်အားကစားခန်းမ၌ ရေဘေးသင့်ပြည်သူများအား ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြန်လည်စိစစ်ထုတ်ပေးခြင်းနှင့် UID နံပါတ် ကောက်ယူဆောင်ရွက်ပေးခြင်းတို့ကို ကြည့်ရှုအားပေးပြီး အဆိုပါစခန်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ အခြားစခန်းအတွက် ဆန်အိတ် ၅၀ နှင့် လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များကိုလည်းကောင်း၊ ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့အတူ ရေကြည်မြို့နယ် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် မြို့နယ်အားကစားခန်းမ၌ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ လမင်းစီမံချက်ဖြင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၅၀၊ ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကိုလည်းကောင်း၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment