နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/ ၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ (၂၁) ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ချက်အရ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ Horizon Lake View ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့်
စဝ်အောင်တိန်းနှင့် စဝ်လံတိုင်း၊ ဗဟိုဦးစီးကော်မတီဝင်များဖြစ်ကြသည့် စဝ်စိုင်းဟန်၊
စဝ်ယွက်ခမ်း၊ စဝ်စိုင်းလျဲန်း၊ နန်းမိုးမိုးစောနှင့် ဗဟိုကော်မတီဝင် နန်းဟန်လောဝ်တို့ပါဝင်သည့်
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့်
အဓိကလိုအပ်ချက်မှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးဖော်ဆောင်ရန်မှာလည်း ငြိမ်းချမ်းရေးသည်
အဓိကဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို
ကြိုတင်ကန့်သတ်ချက်များမထားဘဲ တစ်ပြေးညီဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊
ဆက်လက်ပြီးလည်း ဆွေးနွေးညှိနှိုင်းမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ယခင်သဘောတူညီခဲ့သည့်အပိုင်းများကို လိုက်နာဆောင်ရွက်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်
နည်းလမ်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခင်ချုပ်ဆိုခဲ့သော စာချုပ်များကို လေးစားလိုက်နာပြီး
ဆောင်ရွက်ခဲ့ကြောင်း၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ထိတွေ့ပြီး
ရှေ့ဆက်နိုင်မည်ဖြစ်၍ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း၊ နှစ်ဖက်အပြန်အလှန်
ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုလည်း တိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက အစိုးရသစ်ဖွဲ့ပြီးနောက်ပိုင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး
ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးရည်ရွယ်ပြီး
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန်
တရားဝင်ဖိတ်ခေါ်ခြင်းအား ကြိုဆိုပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေးတွေ့ဆုံမှုများသည် ဆွေးနွေးခြင်းလုပ်ငန်းစဉ်တိုးတက်မှုကို ပြသရာရောက်ခြင်းဖြစ်သကဲ့သို့
တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းကို အလေးထားခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် ယုံကြည်မှုသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများနေရပ်ပြန်လာစေရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများကို
ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
ကူညီဆောင်ရွက်ပေးနေကြောင်း၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့အား
ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေးပွဲမှ ရလဒ်ကောင်းများရမည်ကို ယုံကြည်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက
ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS) အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်
ဖြေရှင်းရေး၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့်
ပြန်လည်ထူထောင်ရေး၊ ဒေသခံပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊
လူမှုစီးပွားနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်ဖက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊
ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊
မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတို့အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အား
အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
မင်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ
ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ စီစဉ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ်
မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုကြသည်။
ယင်းနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment