နေပြည်တော် စက်တင်ဘာ ၄
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ
တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊
ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန်
၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ သမ္မတရုံး ဝန်ကြီး
မစ္စတာ လဲခိုင်ဟိုင် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊
မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌
လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ ကြိုဆိုနှုတ်ဆက်စဉ်
ဗီယက်နမ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးစံစဉ်လာနှင့်အညီ
ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူ အလေးပြု၍လည်းကောင်း၊ ဂုဏ်ပြုလက်ဆောင်ပန်းစည်းများကမ်း၍လည်းကောင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား
ခရီးဦးကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။





No comments:
Post a Comment