Tuesday, September 8, 2026

သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၁၀၀၈ ဧကရှိသောနယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မှစ၍ သတ်မှတ်လိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝထိန်းသိမ်းရေး နယ်မြေများဖွဲ့စည်းခြင်းဖြင့် ဒေသအတွင်းရှိ သစ်ပင်သစ်တောဖုံးလွှမ်းလျက်ရှိနေသောနေရာများကို ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍ ကာကွယ်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ခြင်းကြောင့် ဒေသအတွင်း ဂေဟစနစ်များပိုမိုကောင်းမွန်လာခြင်း၊ ရေထွက်ဒေသများအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်းပေးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို ထိန်းသိမ်းထားနိုင်ပြီး ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုပြီး အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်ပါသည်။

သုဝဏ္ဏသျှံတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသောကျွန်း၊ ထင်းရှူး၊ အင်ကြင်း၊ သစ်အယ်၊ သစ်ချ၊ သစ်ယား (လောက်ယား)၊ တောင်တမာ စသည်တို့အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်တောသစ်ပင်များနှင့်အတူ မျောက်၊ တောဝက်၊ ဂျီ၊ ဆတ်၊ ယုန်၊ တောကြက်၊ ခါ၊ ငုံး စသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ရာသီဥတုကောင်းမွန်လာခြင်းဖြင့် လယ်၊ ယာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကျေးရွာသုံးရေထွက်စိမ့်စမ်းများကောင်းမွန်လာပြီး ရေရှည်တည်တံ့နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


No comments:

Post a Comment