ရန်ကုန် စက်တင်ဘာ ၁၅
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုပွဲများကို အောက်တိုဘာလတွင် စတင်ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲကျင်းပမည်ဖြစ်ပြီး
အုပ်စုတစ်ခုလျှင် အသင်းခုနစ်သင်းစီ ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုခြောက်ပွဲကို
အိမ်ကွင်းသုံးပွဲ၊ အဝေးကွင်းသုံးပွဲ ကစားရမည်ဖြစ်သည်။ ယခုရာသီတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်
တိုးမြှင့်ထားသလို ကျင်းပသည့်ပုံစံလည်း အနည်းငယ်ပြောင်းလဲထားကာ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး
လေးသင်းစီမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ
အုပ်စု (A) တွင် ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ ရတ်ချာဘူရီ (ထိုင်း)၊ ကူချင်းစီးတီး (မလေးရှား)၊
တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကောင်အန်ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဘော်နီယို (အင်ဒိုနီးရှား)၊
မနီလာဒီဂါ (ဖိလစ်ပိုင်)၊ အုပ်စု (B) တွင် Port (ထိုင်း)၊ ဂျိုဟိုးဒါရူးလ် (မလေးရှား)၊
Lion City Sailors (စင်ကာပူ)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ ပါဆစ် (အင်ဒိုနီးရှား)၊
PKR Svay Rieng (ကမ္ဘောဒီးယား)နှင့် ရှမ်းယူနိုက်တက် (မြန်မာ) တို့ပါဝင်သည်။ ရှမ်းယူနိုက်တက်အသင်းသည်
ယင်းပြိုင်ပွဲတွင် နောက်ဆုံးသုံးရာသီဆက်တိုက် ဝင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင်
ရလဒ်ဆိုးရွားထားမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
အုပ်စုပွဲများကို
အောက်တိုဘာလတွင် စတင်ကျင်းပမည်ဖြစ်သော်လည်း ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲများကို
နိုဝင်ဘာလမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ်
နိုဝင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားကလပ် ပါဆစ်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည်
ခြေစစ်ပွဲတွင် လာအိုကလပ် Ezra အသင်းနှင့် နှစ်ကျော့ပေါင်း သုံးဂိုးစီသရေကျနေသဖြင့်
ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်လာခြင်းဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ-AFF

No comments:
Post a Comment