ရန်ကုန် ဩဂုတ် ၃၁
AFC U-20 Asian Cup 2027 အုပ်စု (K) ခြေစစ်ပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် မြန်မာ ယူ-၂၀ အသင်းနှင့် သီရိလင်္ကာ ယူ-၂၀ အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အိမ်ရှင် မြန်မာအသင်းသည်
ပွဲစသည်နှင့် သီရိလင်္ကာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်တွင်ရရှိသည့်
ထောင့်ကန်ဘောမှတစ်ဆင့် ပြိုင်ဘက်ကစားသမား မိုဟာမက် မာဇီယာဒ်၏ ကိုယ့်ဂိုးကိုယ် သွင်းမိသည့်
(OG) ဂိုးဖြင့် မြန်မာအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။
ထို့နောက် ပွဲချိန်
၂၆ မိနစ်တွင် ဘယ်တောင်ပံတိုက်စစ်ကစားသမား ကောင်းခန့်ကျော်က ဒုတိယဂိုးသွင်းယူခဲ့သလို
ပွဲချိန် ၃၉ မိနစ်တွင်လည်း ကောင်းခန့်ကျော်ကပင် တတိယဂိုး ထပ်မံသွင်းယူခဲ့သောကြောင့်
ပထမပိုင်းအပြီးတွင် မြန်မာအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
မြန်မာအသင်းသည်
ဒုတိယပိုင်းတွင် ပွဲကို ဆက်လက်စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်တွင် စိုင်းဇုမ်ရှန်းက
မြန်မာအသင်းအတွက် စတုတ္ထမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ သီရိလင်္ကာအသင်းသည်
တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်ကြောင်းကို
ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။
မြန်မာ ယူ-၂၀ အသင်းအနေဖြင့်
အုပ်စုဗိုလ် သို့မဟုတ် အကောင်းဆုံး အုပ်စု ဒုတိယနေရာရရှိမှသာ လာမည့်အာရှဖလားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ခြေစစ်ပွဲစဉ်များအဖြစ် စက်တင်ဘာ ၃ ရက်တွင်
ဘရူနိုင်းအသင်း၊ စက်တင်ဘာ ၆ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment