Saturday, September 26, 2026

ငါးဖြာသီလ ဂရုဓမ္မ

 


ဗုဒ္ဓဘာသာဝင်တို့သည် သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်း၊ သူတစ်ပါးပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါး၏ သားမယားကို ကျူးလွန်ခြင်း၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားခြင်း၊ မူးယစ်သုံးစွဲသောက်စား၍ ကောင်းမှုပြုရန်မေ့လျော့ကာ မကောင်းမှုတို့ကို ပြုခြင်းတို့အား ရှောင်ကြဉ်ပါမည်ဟူ၍ နှုတ်မှထုတ်ဖော်ရွတ်ဆိုကာ ငါးပါးသီလကို ဆောက်တည်ကြသည်။

ငါးပါးသီလသည် အခြေခံလူ့ကျင့်ဝတ်များပင်ဖြစ်ပြီး ကိုယ်ချင်းစာတရားပေါ်တွင် ဆောက်တည်ကြရခြင်းဖြစ်သည့်အလျောက် ဗုဒ္ဓဘာသာဝင်များသာမက လူသားတိုင်းနှင့် သက်ဆိုင်သည့် ကိုယ်ကျင့်သီလများဟူ၍လည်း ဆိုနိုင်သည်။ မိမိကို တစ်ပါးသူတို့က ရန်မူသတ်ဖြတ်ခြင်းကို မည်သူမျှမလိုလား။ ထိုနည်းတူစွာပင် မိမိပစ္စည်းခိုးယူခံရခြင်း၊ မိမိသားမယားကျူးလွန်ခံရခြင်း၊ မိမိအကျိုးယုတ်စေရန် လိမ်လည်လှည့်ဖြားခံရခြင်း၊ မူးယစ်မှုကြောင့် မှားယွင်းခြင်း၊ အကျိုးစီးပွားပျက်စီးရခြင်းတို့ကိုလည်း မည်သူမျှမလိုလား။ မိမိကိုယ်တိုင်မလိုလားမှုများကို သူတစ်ပါးတို့အပေါ်၌လည်း မကျူးလွန်မိစေရန် စောင့်ထိန်းကြရခြင်းပင်ဖြစ်သည်။

လူဟူ၍ ဖြစ်လာသည်နှင့် မလုပ်သင့်သည်ကို မလုပ်ဘဲ ရှောင်ကြဉ်သည့်ကျင့်ဝတ် ဝါရိတ္တသီလနှင့် လုပ်သင့်လုပ်ရာသည်ကို လုပ်သည့်ကျင့်ဝတ် စာရိတ္တသီလတို့ကို ကျင့်ဆောင်ကြရသည်။ ငါးပါးသီလတို့သည် ဝါရိတ္တသီလဖြစ်ပြီး သာမန်အားဖြင့် လူပီသစေရန် စောင့်ထိန်းဆောက်တည်ကြရခြင်းဖြစ်သည်။ သာမန်ထက်ပိုသော လူကောင်း၊ သူကောင်းတို့ ဖြစ်လာစေရန်မှာမူ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်၊ ကြီးသူဝတ်၊ ငယ်သူဝတ်စသည်ဖြင့် ဆောင်ရွက်ကြရမည့် စာရိတ္တသီလတို့ကို မပျက်မကွက် ဆောက်တည်ဆောင်ရွက်ကြရမည်ဖြစ်သည်။

လူပီသစေရန် လူတိုင်းစောင့်ထိန်းအပ်သည့် ငါးပါးသီလ ပျက်ယွင်းမှုနှင့်စပ်လျဉ်း၍ “ငါးပါးသီလသည် နား၊ မျက်စိတို့နှင့်တူ၍ ငါးပါးသီလပျက်စီးသူသည် နား၊ မျက်စိ ချို့ယွင်းသူကဲ့သို့ ဆင်းရဲဒုက္ခရောက်တတ်သည်။ ငါးပါးသီလပျက်စီးသူသည် ရှင်လျက်နှင့်သေသူ၊ အမှိုက်သဖွယ် စွန့်ပစ်အပ်သူ၊ အသေကောင်ပုပ်နှင့် တူသူ၊ ခြေလက်ဦးခေါင်းတို့ ပြတ်သူနှင့်တူသူ”ဟူ၍ ပညာရှိသူတော်ကောင်းတို့က ရှုတ်ချကြသည်။ ငါးပါးသီလမြဲပါက ယခုဘဝတွင်ရော နောက်ဘဝအတွက်ပါ မပူရ။ သေပြီးနောက် ကောင်းရာဘုံဘဝရောက်ရှိရသလို သက်တမ်းစေ့လည်း နေကြရသည်။ တိုင်းပြည်တွင် လူတိုင်း ငါးပါးသီလမြဲပါက မိုးလေဝသမှန်ကန်၍ ကောက်ပဲသီးနှံ ဆန်ရေစပါး ပေါများကြွယ်ဝချမ်းသာကြသည်။ အမှုအခင်းကင်းစင်၍ မြို့ပြရပ်ရွာများ အေးချမ်းသာယာသည်။

ယနေ့ (တော်သလင်းလပြည့်နေ့) သည် ဂရုဓမ္မအခါတော်နေ့ဖြစ်သည်။ ဂရုဓမ္မဟူသည် ငါးပါးသီလကို စောင့်ထိန်းခြင်းဖြစ်ပြီး လူတို့အလေးဂရုပြုကျင့်သုံးအပ်သည်ဖြစ်၍ ဂရုဓမ္မသီလဟုလည်း ခေါ်ဆိုသည်။ မြတ်စွာဘုရားရှင်သည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားကာ ငါးပါးသီလစောင့်ထိန်းခြင်း၏အကျိုးကို ထင်ရှားစေခြင်းကြောင့် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ကာ ငါးပါးသီလကို မမေ့မလျော့မပေါ့မဆ စောင့်ထိန်းကြစေရန် နှိုးဆော်ထားခြင်းလည်းဖြစ်သည်။

၅၅၀ ဇာတ်တော် တိကနိပါတ် ဂရုဓမ္မဇာတ်တွင် တိုင်းပြည်အုပ်ချုပ်သူ ရှင်ဘုရင်မှစ၍ ဘုရင့်မယ်တော်၊ မိဖုရားကြီး၊ အိမ်ရှေ့မင်း၊ ပရောဟိတ်၊ မြေတိုင်းမှူး၊ ရထားထိန်း၊ သူဌေးသူကြွယ်၊ ရာဖြတ်မှူး၊ တံခါးစောင့်နှင့် ပြည့်တန်ဆာမဖြစ်သူတို့အထိ ငါးပါးသီလ လုံခြုံကြခြင်းကြောင့် တိုင်းနိုင်ငံသာယာဝပြောကာ ဘေးဆိုးကပ်ဆိုးမကျရောက်ခဲ့ကြောင်း ဟောကြားထားသည်။ ဘုရားအလောင်းတော် နုစဉ်ဘဝတစ်ခုတွင် ကုရုတိုင်းဣန္ဒပတ္တမြို့၌ ကောရဗျမင်းအဖြစ် စိုးစံတော်မူစဉ် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်၍ မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံး ငါးပါးသီလကို လုံအောင်စောင့်ထိန်းခဲ့ကြရာ တိုင်းပြည်တွင် မိုးလေဝသမှန်ကန်၍ ဆန်ရေစပါးပေါများကြွယ်ဝကာ အေးချမ်းသာယာခဲ့သည်။ အိမ်နီးချင်း ကာလိင်္ဂတိုင်းတွင်မူ ရာသီဥတုဖောက်ပြန်ကာ ကောက်ပဲသီးနှံပျက်စီး၍ အငတ်ဘေးဆိုက်ပြီး ရောဂါကပ်ဘေး၊ ဓားလှံလက်နက်ကပ်ဘေးများလည်း ကျရောက်ခဲ့သည်။ ကုရုတိုင်း၏ အေးချမ်းသာယာဝပြောခြင်းသည် ယင်းတိုင်းရှိ ဆင်တော်မင်္ဂလာကြောင့်ဟု မှတ်ထင်ကာ သံတမန်စေ၍ ကာလိင်္ဂတိုင်းသို့ ဆင်တော်မင်္ဂလာကို ဆောင်ယူခဲ့သည့်တိုင် မိုးလေတို့ မှန်ကန်မလာ။ နောက်ဆုံးတွင်မှ ကုရုတိုင်းတွင် မိုးလေမှန်ကန်သာယာဝပြောခြင်းသည် မင်းနှင့် ပြည်သူအားလုံး ကုရုဓမ္မ (ဂရုဓမ္မ)ခေါ် ငါးပါးသီလ စောင့်ထိန်းမှုကြောင့်ဖြစ်ကြောင်း အမှန်အတိုင်းသိမြင်ကာ ကုရုဓမ္မကို တောင်းခံ၍ ကာလိင်္ဂမင်းနှင့်တကွ တိုင်းသူပြည်သားအားလုံး လိုက်နာကျင့်သုံးကြရာမှ မကြာမီ မိုးခေါင်ခြင်းမှ လွတ်ကင်းခဲ့ပြီး မိုးလေတို့ ပြန်လည်မှန်ကန်ကာ ကပ်ကြီးသုံးပါးမှလည်း လွတ်မြောက်ခဲ့ရသည်။

လူ့အခြေခံကျင့်ဝတ်ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို လူတိုင်းစောင့်ထိန်းကြခြင်းအားဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာကြစေရန် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့တွင် ဆန္ဒမွန်ဖြင့် နှိုးဆော်အပ်ပါကြောင်း။ ။

No comments:

Post a Comment