Wednesday, September 16, 2026

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

 

နန်နင်း စက်တင်ဘာ ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် (၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။




မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတင်းရွှယ်ရှန်နှင့် နန်နင်းမြို့ လိယွမ် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် လိယွမ်နိုင်ငံတကာကွန်ဗရင့်စင်တာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment