Sunday, September 13, 2026

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ထံမှ ပေးပို့သည့်သဝဏ်လွှာ

(၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တားဆီးနှိမ်နင်းခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၈ ၌ “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်” ဟု အတိအလင်းပြဋ္ဌာန်းထားသည့်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ရာ ယခုအခါ (၁၄) ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

လူကုန်ကူးမှုသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စုတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာထိပါးဖျက်ဆီးနေသည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက တိုက်ဖျက်နေရသည့် နိုင်ငံဖြတ်ကျော်မှုခင်းတစ်ရပ် ဖြစ်ပါသည်။ ကမ္ဘာ့ခေတ်ရေစီးကြောင်း ပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့်အတူ ယနေ့ခေတ် လူကုန်ကူးမှုပုံစံများဟာ ပိုမိုနက်နဲဆန်းပြားလာပြီး အထူးသဖြင့် ဆိုက်ဘာနည်းပညာအသုံးချသည့် အွန်လိုင်းအဓမ္မစေခိုင်းမှုများ၊ အွန်လိုင်းလိမ်လည်မှုများမှတစ်ဆင့် ဆက်နွှယ်ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုများသည် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများအတွက် စိန်ခေါ်မှုအသစ် ဖြစ်ပေါ်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ (၄) ရပ်၊ အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအား စနစ်တကျ ဖွဲ့စည်းထားရှိပြီး မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို (၅) နှစ်စီမံကိန်းရေးဆွဲ၍ မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်နှင့် လုပ်ငန်းကဏ္ဍ (၄) ရပ်ချမှတ်ကာ အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ ပဉ္စမနှစ်ဖြစ်သည့် ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင်ပြဋ္ဌာန်းခဲ့သော နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Transnational Organized Crime - UNCTOC) နှင့် နောက်ဆက်တွဲစာချုပ်ဖြစ်သည့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် အထူးပြုသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ် (Protocol to Prevent, Suppress and Punish Trafficking in Persons, Especially Women and Children)၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ် (Protocol against the Smuggling Of Migrants by Land, Sea and Air) တို့ကို ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN Convention against Trafficking in Persons Especially Women and Children-ACTIP) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုး၍လည်းကောင်း၊ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း နိုင်ငံများ၏ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (Coordinated Mekong Ministerial Initiative against Trafficking- COMMIT)၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation - BIMSTEC)၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘာလီလုပ်ငန်းစဉ် (Bali Process on People Smuggling, Trafficking in Persons and Related Transnational Crime-Bali Process)၊ လန်ချန်း - မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Integrated Law Enforcement and Security Cooperation Center-LMLECC) နှင့် အာဆီယံကဏ္ဍစုံလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၈) ဘိုဟိုးလုပ်ငန်း စီမံချက် (BOHOL TIP Work Plan 2.0) တို့တွင် ပူးပေါင်းပါဝင်၍လည်းကောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခြင်း၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေခြင်း၊ အဓမ္မလုပ်အား စေခိုင်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စအဓမ္မ ပြုလုပ်စေခြင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခြင်း စသည့် ဖြစ်စဉ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။

လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ဖော်ထုတ်အရေးယူမှု ၈၃ မှုတွင် တရားခံ ၂၃၅ ဦး တရားစွဲတင်ပို့နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၃ ဦး ကယ်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်စေမှု ၆၃.၈၆ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၁၅.၆၆ ရာခိုင်နှုန်း၊ ပြည့်တန်ဆာအဖြစ်အဓမ္မပြုလုပ်စေမှု ၁၄.၄၆ ရာခိုင်နှုန်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေမှု ၄.၈၂ ရာခိုင်နှုန်းနှင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများထုတ်ယူမှု ၁.၂၀ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် လူမှုကွန်ရက်ပလက်ဖောင်းများတွင် အလုပ်အကိုင်၊ ငွေကြေးမက်လုံးပေးသည့် ကြော်ငြာအတုများဖြင့် အယုံသွင်းစည်းရုံးခေါ်ဆောင်မှုများ၊ စနစ်တကျဂိုဏ်းဖွဲ့ ကျူးလွန်သူများအား ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ နည်းပညာအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှု ၆၉ မှုတွင် တရားခံ ၁၂၂ ဦးအနက် ထောင်ဒဏ် (၂၅) နှစ် ၂ ဦး၊ ထောင်ဒဏ် နှစ် (၂၀) ၃၃ ဦး၊ ထောင်ဒဏ် (၁၀) နှစ်နှင့်အထက် ၇၉ ဦး၊ ထောင်ဒဏ် (၁၀) နှစ်အောက် ၈ ဦး တို့အား ထိုက်သင့်ပြစ်ဒဏ်များချမှတ်နိုင်ခဲ့ပါသည်။

အိမ်နီးချင်းနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ပို့ဆောင်ရန် မက်လုံးပေးစည်းရုံးပြောဆိုပြီး စုဆောင်းခြင်းများ တရားမဝင်ဆောင်ရွက်နေကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ တရားမဝင်ပို့ဆောင်သူများအား ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး နစ်နာသူများအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု ၂၃ မှုရှိခဲ့ပြီး တရားခံ ကျား ၃၄ ဦး၊ မ ၃၉ဦး၊ စုစုပေါင်း ၇၃ ဦးအား အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ပို့ဆောင်ခံရသူ ကျား ၂၁ ဦး၊ မ ၃၈ ဦး၊ စုစုပေါင်း ၅၉ ဦးတို့အား ကူညီကယ်တင်ပေးနိုင်ခဲ့ပါသည်။

ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သဖြင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူလူထုအား လူကုန်ကူးမှု အသိပညာပေးမှုခင်းသတင်း၊ ဆောင်းပါး၊ ကဗျာ၊ ဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ အသိပညာပေးစကားဝိုင်းများ စသည်တို့အား ထုတ်လွှင့်ပြသခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Hot Line ဖုန်းများ တိုးချဲ့တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုသတင်းလက်ခံခြင်း၊ အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာန အချင်းချင်းပူးပေါင်း၍ မြို့ပြဒေသများတွင်သာမက ကျေးလက်ဒေသများအထိ ပြည်သူလူထုများ အသိပညာရရှိရေးအတွက် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ အသိပညာပေး Billboard များစိုက်ထူခြင်း၊ ကားဂိတ်၊ ရေဆိပ်၊ လေဆိပ်၊ ဘူတာရုံ စသည့် လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စတစ်ကာများကပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား တရားမဝင်ရွှေ့ပြောင်းသွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ခြင်း၊ အဓမ္မခိုင်းစေခံရနိုင်ခြင်း၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းများ ကြုံတွေ့နိုင်ကြောင်းနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်လည်း ပြည်ပသို့ထွက်ခွာမည့်သူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် Whats App QR Code ၊ Viber QRCode များပေးအပ်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံရှိ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau (NCB) လမ်းကြောင်း များမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို ၎င်းတို့၏နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နယ်စပ်ဒေသများရှိ တရားမဝင် အွန်လိုင်းလောင်းကစားရုံများ၊ ငွေကြေးလိမ်လည်မှု ပြုလုပ်ကြသော Online Scam လုပ်ငန်းများသို့ လိမ်လည်ခေါ်ယူခြင်းများကို အုပ်စုဖွဲ့ စနစ်တကျ ကျူးလွန်လာကြသည့်အတွက် တရားမဝင် ဝင်ရောက်မှုနှင့် လူကုန်ကူးမှုဖြစ်စဉ်များမှ တားဆီးကာကွယ်ရန် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ၊ နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ်များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အသိပညာပေးခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ တားဆီးအသိပညာပေးကာ နေရပ်သို့ပြန်လည်စေလွှတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။

ယခုအခါတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရန်အလို့ငှာ သွေးဆောင်ခေါ်ယူခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် ထိုသူ၏ဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခြင်း၊ လူကုန်ကူးမှု ပါဝင်ပတ်သက်မှုရှိသော အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းများအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အွန်လိုင်းလိမ်လည်မှုများကို နည်းပညာပိုင်းဆိုင်ရာ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းစောင့်ကြည့်ခြင်း၊ စိစစ်ဖော်ထုတ်ခြင်းနှင့် အရေးယူခြင်းတို့ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ရန် အွန်လိုင်းလိမ်လည် မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ၃၁-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်” နှင့် အညီ လူကုန်ကူးခံရသူများ၏ လူမှုဘဝရပ်တည်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ မိဘရပ်ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် ကျွမ်းကျင်မှုသင်တန်းများပေးခြင်းတို့ကို လူကုန်ကူးခံရသူတစ်ဦးချင်းအတွက် သင့်လျော်သောဝန်ဆောင်မှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူကုန်ကူးခံရသူများအတွက် တရားရုံးရင်ဆိုင်နေစဉ်ကာလအတွင်း ခရီးစရိတ်၊ အစားအစာနှင့်ရိက္ခာ၊ ဆေးကုသစရိတ်၊ ဘဝရပ်တည်နိုင်ရေး နောက်ဆက်တွဲကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် လူကုန်ကူးခံရသူများအား လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

လူပွဲစားများ၏ဖြားယောင်းသွေးဆောင်မှုကြောင့်လည်းကောင်း၊ မိမိတို့၏ သဘောဆန္ဒအရသော်လည်းကောင်း၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း ရွှေ့ပြောင်းသွားလာခြင်းဖြင့် ပြည်ပနိုင်ငံများသို့ တရားမဝင်ရောက်ရှိ၍ ဘေးဒုက္ခကြုံတွေ့နေသော မြန်မာနိုင်ငံသားများ ဘေးမသီရန်မခဘဲ ပြန်လည်ဝင်ရောက်လာနိုင်ရေးနှင့် ရွှေ့ပြောင်းလုပ်သားများအနက် လူကုန်ကူးခံရနိုင်ခြေရှိသည့် ထိခိုက်လွယ်အုပ်စုများအား စိစစ်ဖော်ထုတ်ပြီး တိုက်ရိုက်အကူအညီပေးခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ မိဘရပ်ထံပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ လုပ်ငန်းကဏ္ဍ (၄) ရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (Policy and Cooperation) ပါ လုပ်ငန်းစဉ် (၂၃) ခု၊ ကြိုတင်ကာကွယ်ရေးကဏ္ဍ (Prevention) ပါ လုပ်ငန်းစဉ် (၁၆) ခု၊ တရားစွဲဆို ရေးကဏ္ဍ (Prosecution) ပါ လုပ်ငန်းစဉ် (၂၀) ခု၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ (Protection) ပါ လုပ်ငန်းစဉ် (၂၅) ခုတို့အား ထိရောက်အောင်မြင်စေရန်အတွက် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်းအမြစ်ဖြစ်သည့် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအား အွန်လိုင်းလိမ်လည်မှုများမှတစ်ဆင့် ဆက်နွှယ်ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှုနှင့်ဆက်စပ်သည့် အဓမ္မခိုင်းစေမှုများမခံရစေရေး တားဆီးကာကွယ်စောင့်ရှောက်ပေးခြင်းများကို ဗဟိုအဖွဲ့၏ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှု နောက်ကွယ်က လိမ်လည်မှုထောင်ချောက်တွေကို တိုက်ဖျက်ကြ” ဆိုသည့်အတိုင်း လူကုန်ကူးမှု၏ သားကောင်မဖြစ်စေရေးအတွက် လိမ်လည်ထောင်ချောက်ဆင် ကမ်းလှမ်းမှုများ၊ သတင်းအချက်အလက်များအား သေချာစွာစုံစမ်းလေ့လာပြီး လိမ်လည်လှည့်ဖြားသည့် ထောင်ချောက်များကိုသတိပြုကာ မိသားစုနှင့်ပတ်ဝန်းကျင်ကို အသိပေးကာကွယ်ခြင်းဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် အတူတကွပူးပေါင်းပါဝင်ပြီး ဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင်တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများ လျော့နည်းကျဆင်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

No comments:

Post a Comment