Thursday, August 13, 2026

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ကိုးဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့

 



နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အီသီယိုးပီးယားနိုင်ငံ သားသုံးဦး၊ ယူဂန်ဒါနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား နှစ်ဦး၊ ရဝမ်ဒါနိုင်ငံသား တစ်ဦးနှင့် ကင်ညာနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ကိုးဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၄၉ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၈၂၀ ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၂၉ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃ (၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၁၃ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၆ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment