Monday, August 24, 2026

ကြယ်များကို လက်တွေ့စူးစမ်းမည့် Kalaw Astro Youth Camp 2026 အစီအစဉ် လူငယ်များ စိတ်ဝင်စားမှုမြင့်တက်

ရန်ကုန် ဩဂုတ် ၂၃

မြို့ပြမီးရောင်များနှင့်ဝေးရာ ကလောမြို့၏ ညကောင်းကင်အောက်တွင် ကြယ်များနှင့်ဂြိုဟ်များကို Telescope များဖြင့် ကိုယ်တိုင်လေ့လာနိုင်မည့် Kalaw Astro Youth Camp 2026 အစီအစဉ်အပေါ် လူငယ်များစိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း Myanmar Astronomy & Science Enthusiasts Society-MASES မှ သိရသည်။

Kalaw Astro Youth Camp 2026 သည် လူငယ်များအကြား နက္ခတ္တဗေဒနှင့် STEM အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် စကြဝဠာကိုလက်တွေ့စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်သည့်အစီအစဉ်ဖြစ်ကြောင်း MASES မှ ထုတ်ပြန်ထားသည်။

နက္ခတ္တဗေဒနှင့် STEM ဘာသာရပ်များကိုစိတ်ဝင်စားသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များအတွက် MASES ကစီစဉ်သည့် အဆိုပါအစီအစဉ်ကို ရန်ကုန်နှင့် ကလောမြို့တို့တွင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ပထမအဆင့်အဖြစ် Yangon Workshop ကို စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နက္ခတ္တဗေဒဆိုင်ရာအခြေခံအယူအဆများ၊ STEM အသိပညာများနှင့် မြို့ပြဒေသများတွင် ကြုံတွေ့နေရသည့် Light Pollution (အလင်းညစ်ညမ်းမှု) အကြောင်းတို့ကို လေ့လာဆွေးနွေးသွားမည်ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် ဒီဇင်ဘာလလယ်တွင် ကလောမြို့၌ Kalaw Practical Workshop ကို ကျင်းပမည်ဖြစ်ပြီး Telescope များအသုံးပြု၍ ကြယ်များနှင့် ဂြိုဟ်များကို လေ့လာခြင်း၊ Astrophotography အခြေခံများ နှင့် ညကောင်းကင်ယံကို လက်တွေ့ စူးစမ်းလေ့လာခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ အစီအစဉ်အတွက် လျှောက်ထားသူအရေအတွက်သည် မျှော်မှန်းထားသည်ထက် များပြားခဲ့သဖြင့် လျှောက်လွှာလက်ခံခြင်းကို သတ်မှတ်ထားသည့် ဩဂုတ် ၂၈ ရက်မတိုင်မီ ပိတ်သိမ်းထားကြောင်း MASES က အသိပေးထားသည်။

 

MT

No comments:

Post a Comment