Sunday, August 9, 2026

တည်ငြိမ်ရေးနှင့် သာယာဝပြောရေး အာဆီယံ၏ မိသားစုစိတ်ဓာတ်

 

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို စတင်တည်ထောင်ခဲ့သည့် (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်က အာဆီယံပြည်သူများအားလုံး စည်းလုံးညီညွတ်မှုနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်း၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ယခုအခါ အာဆီယံသည် “အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅” မှ “အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅” သို့ ကူးပြောင်းနေသည့်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ ၂၀၂၆ ခုနှစ်သည် အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် ၂၀၄၅ နှင့် ၎င်း၏မဟာဗျူဟာမြောက်စီမံချက်များကို စတင်အကောင်အထည်ဖော်သည့် သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်သည်။ အာဆီယံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအုတ်မြစ်များကို ချမှတ်လျက်ရှိသည့်နှစ်လည်းဖြစ်သည်။ ယခုအခါ “ကျွန်ုပ်တို့၏အနာဂတ်ကို အတူတကွ ဦးဆောင်သွားကြပါစို့ - Navigating Our Future, Together” ဟူသောဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်သမ္မတနိုင်ငံက ဦးဆောင်ဆောင်ရွက်လျက်ရှိသည်။

အာဆီယံသည် လူဦးရေ သန်း ၆၈၀ ကျော်ရှိသည့် ဒေသဆိုင်ရာအစုအဖွဲ့တစ်ရပ်ဖြစ်လာပြီး အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏သဘောထားအမြင်ကိုအခြေခံ၍ ဒေသတွင်း တည်ငြိမ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်မြှင့်တင်နိုင်ခဲ့သည်။ ထို့အပြင် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေးကဲ့သို့သော အာဆီယံ ဦးဆောင်ယန္တရားမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။ စီးပွားရေးကဏ္ဍတွင်လည်း အာဆီယံသည် ကမ္ဘာပေါ်တွင် ပဉ္စမအကြီးဆုံးစီးပွားရေးအစုအဖွဲ့အဖြစ်ရပ်တည်လျက်ရှိပြီး ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးအသွင်ကူးပြောင်းမှုများကို အားပေးဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပြည်သူများဘဝနှင့် သာယာဝပြောရေးကို မြှင့်တင်နိုင်ရန် အားပေးလျက်ရှိသည်။

သို့ရာတွင် အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာပြိုင်ဆိုင်မှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ စွမ်းအင်နှင့်စားရေရိက္ခာ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများစသည့် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ ကွဲပြားခြားနားသည့်အလျောက် အကျိုးစီးပွားနှင့်ဦးစားပေးဆောင်ရွက်မှု အခန်းကဏ္ဍများလည်း ကွဲပြားလျက်ရှိသည်။ ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပြည်တွင်းရေးကိစ္စရပ်များကိုသာ အလေးထားဖြေရှင်းရန်လိုလားမှုသည် အာဆီယံ၏အချက်အချာကျမှုအပေါ် မူတည်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် သက်တမ်း (၂၉) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံယန္တရားများတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခဲ့သည်။ သို့ပါ၍ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကိုအခြေခံ၍ အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းကာ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသော ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုအားကောင်းစွာ ဖော်ဆောင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရွေးကောက်ခံအစိုးရအဖွဲ့သစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် အာဆီယံအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံအခြေခံမူများကို လေးစားလိုက်နာလျက် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံမိသားစုများနှင့်အတူ ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံ၏မျှော်မှန်းချက် ၂၀၄၅ နှင့်အညီ ပိုမိုခံနိုင်ရည်ရှိသော၊ ဆန်းသစ်တီထွင်မှုကို အားပေးသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူဗဟိုပြုသော အသိုက်အဝန်းတစ်ရပ်ကို “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရေး” မူနှင့်အညီ တည်ဆောက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အခါသမယတွင် အာဆီယံ ပြည်သူများအားလုံး စည်းလုံးညီညွတ်မှုနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်း၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ကောင်းမွန်သော အမြင်သဘောထားများဖြင့် ပိုမိုတက်ကြွစွာ ပူးပေါင်းလက်တွဲဆောင်ရွက်သွားနိုင်ကြစေရန် ဆန္ဒပြုအပ်ပါကြောင်း။ ။


No comments:

Post a Comment