မုံရွာ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက
သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပပြီး
ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတု
မျှတကောင်းမွန်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်
ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”
ဆိုသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ကောင်းမွန်စေရန်နှင့် မိမိတို့တိုင်းဒေသကြီးအတွင်း
စိမ်းလန်းစိုပြည်ပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန်အတွက် သစ်ပင်များစိုက်ပျိုးရေး၊
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ရှိသူအားလုံးမှ
အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊
သစ်ပင်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာတန်းဝင်အပင်နှင့်
အရိပ်ရလေကာပင် သစ်မျိုး(၉)မျိုး၊ စုစုပေါင်း အပင်(၇၂၀)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊
တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏
တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်
တည်ဆောက်သွားမည့် မုံရွာမြို့၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ နန္ဒဝန်အိမ်ရာအတွင်း ၄
ခန်းတွဲ၊ ၄ ထပ်အဆောက်အဦသစ် ဆောက်လုပ်မည့်နေရာသို့ရောက်ရှိရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ
တိုင်းဒေသကြီးဦးစီးမှူးက ၄ ခန်းတွဲ၊ ၄ ထပ်အဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ရာ ၄ လုံး ဆောက်လုပ်သွားမည့်
တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ၊ အရည်အသွေးကောင်းမွန်စွာဖြင့်
တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများအားမှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)
No comments:
Post a Comment