နေပြည်တော် ဩဂုတ် ၂၆
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကိုအရင်းခံသည့် မျိုးချစ်စိတ်များပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည်အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့်အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များဖြစ်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
ဦးစွာ စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရဲရင့်အောင်တို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် ပြည်သူ့ဆက်ဆံရေးတပ်များ၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို ကျင်းပခြင်းသည် ပြည်သူ့ဆက်ဆံရေးတပ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သည်၊ စစ်သမီးများ၏ အနုပညာအရည်အသွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မြန်မာ့အငြိမ့်သဘင် တိမ်ကောပပျောက်မှုမရှိစေရန်၊ အဆင့်အတန်းတိုးတက်မြင့်မားစေရန်၊ မြန်မာမှုစစ်စစ်အနုသုခုမပညာရပ်အဖြစ် ထည်ဝါစွာရပ်တည်နိုင်ရန်၊ အငြိမ့်ပညာရပ်များ၊ မြန်မာ့ဆိုင်းနှင့်ပတ်သက်သည့် သဘင်သုခုမအနုပညာရပ်များတွင် အရည်အသွေးပိုမိုမြင့်မားတိုးတက်လာစေရန်နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်များ၏ မူလရည်မှန်းချက်တာဝန်များဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်စသည့် လုပ်ငန်းတာဝန်များကို ပိုမိုအောင်မြင်စွာ ထမ်းဆောင်နိုင်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေသည့် အနုပညာစွမ်းအားများ မြင့်မားစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။ စာပေ၊ ဂီတအနုသုခုမဆိုသည်မှာ လူတို့၏စိတ်ကို နူးညံ့ပျော့ပျောင်းစေသကဲ့သို့ မျိုးချစ်စိတ်ဓာတ်နှင့် စစ်သွေးစစ်မာန်တို့ကိုလည်း နိုးထစေကြောင်း၊ မြန်မာ့သမိုင်းတွင် ငါးစီးရှင်ကျော်စွာသည် “ကာချင်း”ကို ကိုယ်တိုင်ရေးသားစပ်ဆိုခဲ့ပြီး ရဲမက်အပေါင်းတို့သည် ဒိုင်း၊ ဓား၊ လှံတို့ကို ကိုင်ပြီး ညီညာဖျဖျသီဆိုကာ ကခုန်ခဲ့ကြကြောင်း။
လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင်လည်း မြန်မာတို့၏ လွတ်လပ်ရေးမျှော်မှန်းချက်နှင့်အတူ အမျိုးသားရေးတေးသီချင်းများစွာလည်း ပေါ်ထွန်းလာခဲ့ကြောင်း၊ ထိုသို့ဂီတအနုသုခုမ စွမ်းဆောင်ရည်ကြောင့် မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်များပြန်လည်နိုးကြားလာခဲ့ပြီး လွတ်လပ်ရေးဆိုသည့်ပန်းတိုင်ကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့များ၊ အသံလွှင့်တပ်ဖွဲ့များ၊ မြဝတီရုပ်မြင်သံကြားတပ်ဖွဲ့များ၊ သတင်းစာတိုက်တပ်ဖွဲ့များသည် ပြည်သူနှင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ ထိတွေ့နေသည့် တပ်ဖွဲ့များဖြစ်ကြောင်း၊ တစ်နည်းဆိုပါက တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးတံတားများဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်အောင် ကျွမ်းကျင်ရာအနုသုခုမပညာရပ်များနှင့် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် တာဝန်သုံးရပ်သည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်များ၏ မူလရည်မှန်းချက်တာဝန်များပင်ဖြစ်ကြောင်း၊ မူလရည်မှန်းချက်တာဝန်သုံးရပ်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်တိုင်းတွင် ပင်ကိုယ်ဗီဇ၊ ဝါသနာ၊ ပါရမီဆိုသည့် စိတ်အခြေခံကောင်းများ ကနဦးရှိနေရန်လည်းလိုအပ်ကြောင်း၊ စိတ်အခြေခံကောင်းများမှတစ်ဆင့် စာပေ၊ ဂီတ၊ အနုပညာဆိုသည့် ကျွမ်းကျင်ရာနယ်ပယ်ကို ဝင်ရောက်ပြီး တပ်ဖွဲ့၏မူလတာဝန်သုံးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အတွက်မရှိမဖြစ်သည့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းစဉ်များ ပိုမိုပီပြင်စေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအတွက် အသက်နှင့်ထပ်တူ တန်ဖိုးထားထိန်းသိမ်းရမည့် ဘိုးဘွားအမွေအနှစ်တစ်ခုပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုသမိုင်းအစမှတစ်ဆင့် လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမအနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မိမိတို့နိုင်ငံတော်၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရာရောက်သည်ကို လေးလေးနက်နက် သိမြင်နားလည်ထားကြရန် လိုကြောင်း။
လက်ရှိ မျိုးဆက်များမှတစ်ဆင့် နောင်မျိုးဆက်သစ်များထိတိုင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းချစ်မြတ်နိုးသည့်စိတ်၊ စောင့်ရှောက်လိုသည့်စိတ် စသောစိတ်အခြေခံကောင်းများကို ထာဝစဉ်ရှင်သန်နေအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားမြတ်နိုးတတ်စေမည့် စိတ်အမြုတေကောင်းများကို လက်ဆင့်ကမ်းအမွေအဖြစ် ပေးအပ်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
မိမိတို့နှလုံးသားထဲတွင် ပိုင်ဆိုင်ထားသည့် အနုပညာ၊ ပင်ကိုယ်ရှိပြီးသည့် အနုပညာဗီဇ၊ ပါရမီတို့နှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်အစစ်အမှန်ကို ဖော်ထုတ်ပြသကြရမည့် ပြိုင်ပွဲ တစ်ရပ်ဆိုသည့်အသိထက်ကျော်လွန်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အပေါ် စောင့်ရှောက်နိုင်ရန်ဆိုသည့်အသိ၊ တပ်ဖွဲ့ဝင်များ၏ အနုပညာကိုယ်ရည်ကိုယ်သွေးမြင့်မားရေးဆိုသည့် အသိများထိတိုင်ရှုမြင်ပြီး မဆုတ်မနစ်ကြိုးစားယှဉ်ပြိုင်လျှောက်လှမ်းသွားကြရန် လိုအပ်ကြောင်း။
အတိတ်သမိုင်းစဉ်တွင် အောင်မြင်စွာကမ္ပည်းထိုးနိုင်ခဲ့သည့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး စစ်သည်တော်ကောင်းများနည်းတူ တပ်ဖွဲ့ဝင်များ၏ တမူထူးခြားသည့် အနုပညာအရည်အသွေးကို မှတ်ကျောက်တင်ခံနိုင်၍ တပ်ဖွဲ့၏ဂုဏ်ကို ဆက်လက်မြှင့်တင်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် မျိုးဆက်သစ်တပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးပမ်းလျှောက်လှမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များမှ စစ်သည်၊ စစ်သမီးများက တီးခတ်၊ သီဆို၊ ကပြဖျော်ဖြေတင်ဆက်မှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက် ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသည့် အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့် ပြိုင်ပွဲများကို ကွပ်ကဲမှုအောက်တပ်များမှ စစ်သည်၊ စစ်သမီးများဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ခေတ်ပေါ်တေး၊ ကာလပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများပါဝင်ပြီး ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment