Thursday, August 13, 2026

(၃၂) ကြိမ်မြောက် ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

 



ရန်ကုန် ဩဂုတ် ၁၂

(၃၂) ကြိမ်မြောက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပခုက္ကူ ဦးအုံးဖေ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းနာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကော်မတီဝင်များ၊ စာရေးဆရာ ဆရာမကြီးများ၊ စာပေဆုရပုဂ္ဂိုလ်များ၊ ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အမှာစကားပြောကြားရာတွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာစာပေပညာရှင်တို့၏ ဝိုင်းဝန်းကြိုးပမ်းမှုများပါဝင်သလို စာပေပညာရှင်များကို ချီးမြှောက်သည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက စာပေဆုတည်ထောင်သူများ၏ အားစိုက်ထုတ်မှုသည်လည်း အဓိကကျပါကြောင်း၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုသည် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည့်အတွက် သက်တမ်းရှည်ပုဂ္ဂလိကစာပေဆု တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၃ ဆုကို ချီးမြှင့်နိုင်ခဲ့သည့်အတွက် ဆုရရှိသူစာရေးဆရာ ဆရာမကြီးများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပခုက္ကူစာပေတစ်သက်တာဆုရရှိကြသည့် ဦးဖေငြိမ်း (ကျော်စောဟန်) နှင့် ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) တို့ကို ဆုများ ပေးအပ်သည်။

ဆက်လက်၍ တာဝန်ရှိသူများက ပခုက္ကူစာပေဆု ဝတ္ထုရှည်၊ ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ်၊ ပခုက္ကူစာပေဆု သုတေသနစာပေ၊ ပခုက္ကူစာပေဆု ကဗျာပေါင်းချုပ်၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ပခုက္ကူ ဦးအုံးဖေ ပညာသင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် စာပေဆုအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးသိန်းခိုင်ဦးက ရှင်းလင်းပြောကြားပြီး ပခုက္ကူစာပေတစ်သက်တာဆုရ ဆရာ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) နှင့် ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုရ ဆရာမောင်မိုးက ကျေးဇူးတင်စကားပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စာပေဗိမာန်၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာစာပေတိုးတက်ရေးသည် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုဗဟုသုတရစေရန်နှင့် မြန်မာစာပေတိုးတက်ရေးအတွက် စာအုပ်စာပေများထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေစကားဝိုင်းများအပါအဝင် စာပေနှင့် ပတ်သက်သည့် ချီးမြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရှင်ကြီးများအနေဖြင့် မိမိတို့၏ ဉာဏ်ပညာ၊ အတတ်ပညာ၊ အတွေ့အကြုံတို့ကို ကိုယ်ပိုင်အချိန်ပေးပြီး စာပေဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းများအား အလေးထားပြီး ဆောင်ရွက်ကြသည်ကို တွေ့ရပါကြောင်း၊ စာပေဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းတင့်၊ စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment