Friday, July 17, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း (MYANMAR- RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၇

စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သည့် မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ လေ့ကျင့်ရေးနယ်မြေ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး ရုရှားတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲဝင်များသည် လေ့ကျင့်ခန်းပြုလုပ်မည့် ရှုရပ်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက လေ့ကျင့်ခန်းဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုတို့ကို ကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် မြန်မာ ရုရှား ပူးပေါင်းအဖွဲ့များက လေ့ကျင့်ခန်းအစီအစဉ်များအတိုင်း ပြုလုပ်ကြရာ Drone အဖွဲ့က ရန်သူ့နယ်မြေအတွင်း ကင်းထောက် Drone ဖြင့် ကင်းထောက်ခြင်း၊ စီးနင်းတိုက်ခိုက်ရေးအဖွဲ့များက ရဟတ်ယာဉ်ဖြင့် ယာဉ်ဆင်းရပ်သို့ ဆင်းသက်ခြင်း၊ Sniper အဖွဲ့က ရန်သူ့အဖွဲ့ငယ်နေရာများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ FPV၊ Heavy Drone တို့ဖြင့် ကြိုတင်ချေမှုန်းခြင်း၊ တိုက်စစ်စီမံချက်ပါအတိုင်း လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခြင်း၊ ရည်မှန်းချက်အသီးသီးသို့ တိုက်ပွဲလုပ်ငန်းအဆင့်အလိုက် ထိုးဖောက်ဝင်ရောက်၍ ရန်သူကိုချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးကို သိမ်းပိုက်ခြင်းများ ဆောင်ရွက်၍ လေ့ကျင့်ခန်း ပြီးဆုံးခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တက်ရောက်လာကြသူများသည် မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်း လေ့ကျင့်ခန်း MYANMAR RUSSIA JOINT EXERCISE (TIGER 2026) လေ့ကျင့်ခန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့မှု Video Click အားကြည့်ရှုကြသည်။ ၎င်းနောက် လေ့ကျင့်ခန်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် Quadcopter Drone ၂ စီးဖြင့် မြန်မာနှင့် ရုရှား နှစ်နိုင်ငံအလံများအား ချိတ်ဆွဲ၍ ဂုဏ်ယူဝင့်ကြွားစွာ သယ်ဆောင်ပျံသန်း ချီတက်ကြသည်။

ယင်းနောက် လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်ခဲ့သည့် တပ်ဖွဲ့ဝင်များအား မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း လက်တွေ့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံများကြား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်မှတ်တိုင် တစ်ခုဖြစ်သော မြန်မာ - ရုရှား ကြည်းတပ် နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်းကို အောင်အောင်မြင်မြင် ပြီးဆုံးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတွေ့အကြုံများ အပြန်အလှန်နှီးနှောဖလှယ်ခြင်း၊ ဆွေးနွေးသုံးသပ်ခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ကြကာ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

အတူတကွလက်တွဲလုပ်ဆောင်ခွင့်ရခဲ့ခြင်း၊ အကောင်းဆုံးလက်တွေ့လုပ်ဆောင်ချက်များကို အပြန်အလှန်သင်ယူခွင့်ရခဲ့ပြီး ထိရောက်သည့် ဖြေရှင်းနည်းများကို အတူတူရှာဖွေနိုင်ခဲ့ခြင်းများသည် များစွာတန်ဖိုးရှိပါကြောင်း၊ အခုရရှိခဲ့သည့် အသိပညာနှင့် အတွေ့အကြုံများကို နောင်များတွင်လည်း အောင်အောင်မြင်မြင် ပြန်လည်အသုံးချနိုင်လိမ့်မယ်ဟု ယုံကြည်ပါကြောင်း၊ ယခုတည်ဆောက်နိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများသည်လည်း ဆက်လက်ပြီး ခိုင်မြဲနေမည်ဖြစ်ကြောင်။

ကျွမ်းကျင်မှုအပြည့်နှင့် တာဝန်သိစိတ်ရှိရှိ အကျိုးရှိရှိပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် တက်ရောက်လာကြသည့် အကြီးအကဲများ၊ နည်းပြများ၊ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အားလုံးကို လှိုက်လှိုက်လှဲလှဲ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်မှုများသည် ရှေ့ဆက်၍လည်း ပိုမိုခိုင်မာလာမည်ဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများနှင့် မိမိတို့နိုင်ငံများကြား ဆက်ဆံရေးပိုမိုတိုးတက်ရန် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်ကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် လေ့ကျင့်ခန်းသည် မြန်မာ့ တပ်မတော်အထူးတပ်ဖွဲ့နှင့် ရုရှားတပ်ဖွဲ့များ ပူးပေါင်းပြီး ရန်သူ့လှုပ်ရှားနယ်မြေအတွင်း အခိုင်အမာခြေကုပ်ယူထားသော အချက်အခြာကျသည့် ရန်သူ့တောင်ကုန်းကို တိုက်ခိုက်ချေမှုန်းသည့် တပ်ပါတိုက်စစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း၊ ရန်သူအခြေပြုထားသည့် ပင်မတောင်ကုန်းနှင့် ရန်သူများ ဖြန့်ခွဲတည်ရှိသောနေရာများကို UAV၊ Drone၊ Sniper များအသုံးပြုပြီး အထူးတပ်ဖွဲ့များဖြင့် ချေမှုန်းတိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း။

လေ့ကျင့်ခန်းတွင် မြန်မာ့တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်သည့် စစ်လက်နက် ပစ္စည်းများနှင့် ရုရှားတပ်မတော်က လက်ရှိအသုံးပြုလျက်ရှိသည့် နည်းပညာမြင့်မားသည့် စစ်လက်နက်ပစ္စည်းများကို ပေါင်းစပ်ပြီးအသုံးပြုတိုက်ခိုက်ကြသည်ကို တွေ့မြင်ရသည့်အတွက် လေ့ကျင့်ခန်းတွင် ကိုယ်တိုင်ပါဝင်လေ့ကျင့်သည့် တပ်ဖွဲ့ဝင်များနှင့်မိမိတို့ ကြည့်ရှုလေ့လာသူများအတွက် များစွာအကျိုးရှိစေကြောင်း၊ ထို့အပြင် မိမိတို့၏ အထူးတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့များအားလုံး စစ်မြေပြင်တွင် ရဲဘော်ရဲဘက်စိတ်ပြည့်ဝစွာဖြင့် ဟန်ချက်ညီစွာလှုပ်ရှား တိုက်ပွဲဝင်နေသည့်ပုံရိပ်ကိုလည်း တွေ့မြင်ခံစားရမိပါကြောင်း။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ဆင်ရေးနယ်မြေအတွင်းမှ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင်များကိုလည်း ရန်သူ့ပစ်ခတ်မှုအောက် အန္တရာယ်ရှိသည့် တိုက်ပွဲနယ်မြေအတွင်းမှ ကယ်ထုတ်ရန်အတွက် မောင်းသူမဲ့ Robotic သူနာတင်ယာဉ်ဖြင့် အချိန်မဆိုင်းဘဲ လျင်မြန်စွာ လှုပ်ရှား၍ ရွှေ့ပြောင်းသယ်ယူဆောင်ရွက်ပုံကိုလည်း လေ့လာတွေ့မြင်ရကြောင်၊ အလားတူ ယနေ့ခေတ်သစ်စစ်ပွဲတစ်ခု၏ အသွင်သဏ္ဍန်ဖြစ်သည့် မျက်မှောက်ခေတ်စစ်မြေပြင်တွင် ရန်သူထိခိုက်ကျဆုံးမှုများပြားအောင် ထိရောက်စွာချေမှုန်းနိုင်သည့် Drone၊ FPV များ၏ စွမ်းဆောင်ရည်နှင့် အသုံးပြုတိုက်ပွဲဝင်ပုံကိုလည်း လေ့လာကြည့်ရှုခွင့်ရရှိခဲ့ကြောင်း။

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုက ရှေးနှစ်ပေါင်းများစွာမှ ယခုအထိ တိုးတက်ခိုင်မြဲလျက်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် ရင်းနှီးနွေးထွေးစွာဖြင့် တန်ဖိုးထားထိန်းသိမ်းခဲ့ရာမှာ ယနေ့အထိဖြစ်ကြောင်း၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိပြီး နှစ်ဖက်တပ်မတော်အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်ခရီးစဉ်များ လည်ပတ်လျက်ရှိကြောင်း။

ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား လေ့ကျင့်ခန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်၊ ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော Caucasus 2020(Kavkaz) နိုင်ငံတကာ စစ်ရေးလေ့ကျင့်ခန်း၊ ၂၀၂၃ ခုနှစ် ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့ခ်မြို့မှာ ပြုလုပ်သည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းအဖွဲ့ မြေပြင်လက်တွေ့လေ့ကျင့်ခန်း၊ နိုင်ငံစုံပါဝင်လေ့ကျင့်သည့် Army Game ပြိုင်ပွဲများ၊ နှစ်နိုင်ငံ ဗိုလ်လောင်းများ၏ အားကစားပြိုင်ပွဲများစသည့် ကဏ္ဍမျိုးစုံတွင် မြန်မာ့တပ်မတော်က ပူးပေါင်းပါဝင်ခဲ့ပြီး နိုင်ငံတကာအတွေ့အကြုံများစွာကို ရရှိစေခဲ့ပါကြောင်း၊ ၎င်းအတွေ့အကြုံများသည် မိမိတို့မြန်မာ့တပ်မတော်၏ ခေတ်မီတပ်မတော် Standard Army တည်ဆောက်ရေးအတွက် စွမ်းရည်မြှင့်တင်ရာတွင် အထောက်အကူများစွာ ဖြစ်စေပါကြောင်း။

MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်ကြည်းတပ်များအကြား ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းတွင် အသုံးပြုရန် ရုရှားနိုင်ငံကယူဆောင်လာသည့် စစ်လက်နက်ပစ္စည်းများကို လက်တွေ့ကိုင်တွယ်လေ့ကျင့်အသုံးပြုခွင့်ရရှိခဲ့ခြင်းကလည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်ရှိသည့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြီးနက်ရှိုင်းစေမည်ဖြစ်ကြောင်း။

ယနေ့ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့သည့် နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်များ အားလုံးနှင့် လေ့ကျင့်ခန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်စလုံးမှ တာဝန်ရှိသူအရာရှိ၊ စစ်သည်များ အားလုံးကို အသိအမှတ်ပြုပါကြောင်းနှင့် ယခု လေ့ကျင့်ခန်းမှရရှိသည့် အတွေ့အကြုံကောင်းများနှင့် ချစ်ကြည်ရင်းနှီးမှုများသည် မြန်မာ - ရုရှားတပ်မတော်နှစ်ရပ်အကြား ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ပေးနိုင်မည့်အပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား တိုးတက်ကောင်းမွန်သော အကျိုးရလဒ်ကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းနှင့် လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် တပ်ဖွဲ့များအတွက် သစ်သီးခြင်းများ လက်ဆောင်ပေးအပ်သည်။

ထို့နောက် အဖွဲ့ဝင်များသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း ( MYANMAR-RUSSIA JOINT EXERCISE (TIGER-2026)) အောင်မြင်စွာပြီးစီးမှု အထိမ်းအမှတ် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရုရှား တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich နှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည်ခံသည်။

ဂုဏ်ပြုနေလယ်စာ သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် ရုရှားအနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည် သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခြင်းကို ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ အထူးတပ်ဖွဲလေ့ကျင့်ရေးကွင်း၌ မြန်မာတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့ဝင်များပူးပေါင်း၍ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေး၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင်ရေး စသည့်ဘာသာရပ်များနှင့် စစ်မြေပြင်အတွေ့အကြုံများကို ရုရှားနည်းပြများနှင့် မြန်မာနည်းပြများက စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့တွင် လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်မတော်မှ နည်းပြများနှင့် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment