ရန်ကုန် ဇူလိုင် ၂၅
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)နှင့် PUBG Mobile တို့ပူးပေါင်း၍ တက္ကသိုလ်ပေါင်းစုံ Varsity Esports Championship-2026 ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်နှင့် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်းတို့က ပြိုင်ပွဲဆုတံဆိပ်ကို စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် PUBG Mobile ပြိုင်ပွဲတွင် တစ်သင်းလျှင် လေးယောက်နှုန်းဖြင့် ယှဉ်ပြိုင်သည့် ၁၆ သင်းနှင့် တစ်သင်းလျှင်ငါးယောက်နှုန်းဖြင့် ယှဉ်ပြိုင်သည့် Mobile Legend ပြိုင်ပွဲတို့ကို စတင်ကျင်းပရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ အားပါးတရကြည့်ရှုအားပေးကြ သည်။
“ရန်ကုန်တက္ကသိုလ်မှာ အခုလို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတာ ဂုဏ်ယူပါတယ်။ တက္ကသိုလ်အနေနဲ့ မြန်မာ့အားကစားကဏ္ဍအတွက် အမြဲတံခါးဖွင့်ထားပြီး အခုပြိုင်ပွဲမှာ ရန်ကုန်မြို့က တက္ကသိုလ်တွေသာမက ဒေသအစုံက တက္ကသိုလ်တွေက ကျောင်းသားလူငယ်တွေ ဒီမှာစုံညီစွာလာရောက်ပါဝင်ယှဉ်ပြိုင်ကြတာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်”ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ပြောသည်။
ယနေ့ပြိုင်ပွဲတွင် အနိုင်ရရှိကြသည့် အသင်းများသည် ဇူလိုင် ၂၆ ရက်တွင် ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနိုင်ရရှိသော တက္ကသိုလ်ကိုယ်စားပြုအသင်းများကို အမျိုးသားအဆင့်ပြိုင်ပွဲများနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများအတွက် ရွေးချယ်သွားမည်ဖြစ်သည်။
“ကမ္ဘာ့ထိပ်တန်း အားကစားနည်းတစ်ရပ်ကို ရန်ကုန်တက္ကသိုလ်မှာ ပြိုင်ပွဲကျင်းပနိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးတဲ့အတွက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဆရာ ဆရာမများ အားလုံးကို MESF ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်” ဟု မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်းက ပြောသည်။
Esports အားကစားသည် ကျောင်းသားလူငယ်များအတွက် စည်းကမ်းရှိမှု၊ အသင်းအဖွဲ့ စိတ်ဓာတ်ထားရှိမှု၊ နည်းစနစ်ပိုင်းနှင့် အတွေးအခေါ် ထိုးထွင်းသိမြင်လာမှုတို့ကို ရရှိစေသော အားကစားနည်းတစ်ရပ် ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment