နေပြည်တော် ဇူလိုင် ၂၇
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၂၂ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း
၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၂ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက်
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို
လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးစိန်ရွှေမင်း၏ လုံခြုံရေးအရထားရှိသော စစ်ဆေးရေးဂိတ်များတွင်
စစ်ဆေးမှုပြုလုပ်ရာ၌ လူဖြင့်အားပြုစစ်ဆေးသည်ထက် နည်းပညာသုံးစစ်ဆေးခြင်းမျိုး ပြုလုပ်နိုင်မည်ဆိုပါက
တားမြစ်ကုန်ပစ္စည်းများ ဥပဒေနှင့်မလွတ်ကင်းသူများအား ဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပါသဖြင့်
လုံခြုံရေးအရထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်ပေးရန်
အစီအစဉ် ရှိ/ မရှိ၊ ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် တပ်ဆင်ပေးသွားမည်ကို သိရှိလိုခြင်း
မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက တိုင်းဒေသကြီး/
ပြည်နယ်များရှိ မူးယစ်တပ်ဖွဲ့စုများတွင်လည်း နည်းပညာမြင့် စက်ကိရိယာများဖြစ်သည့်
Scanner ၄၄ လုံး၊ Electronic Endoscope ၆ လုံးတို့ဖြင့် မြို့ဝင်/ ထွက် စစ်ဆေးရေးဂိတ်များတွင်
မူးယစ်ဆေး ဝါး၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်
ဆောင်ရွက်လျက်ရှိသည့်အပြင် သွားလာမှုအဓိကအကျဆုံး စစ်ဆေးရေးဂိတ်ကြီးများတွင် စက်ကိရိယာများကို
တပ်ဆင်အသုံးပြု၍ တားမြစ်ကုန်စည်များ၊ တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိရာ
PSMS လူပုဂ္ဂိုလ် စိစစ်စောင့်ကြည့်စနစ်ဖြင့် အသုံးပြုစောင့်ကြည့်စစ်ဆေးလျက်ရှိပြီး
၎င်းစနစ်မှ AI မျက်နှာပြင်မှတ်သားခြင်းနှင့် ဇီဝမက်ထရစ်ဒေတာ (Biometric Data) တို့ကို
တိုက်ဆိုင်စစ်ဆေးနိုင်ပြီး ဗဟိုဒေတာဘေ့စ်(Central Database) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်
(NRC) နံပါတ်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ပါ၍ မြန်မာနိုင်ငံအတွင်းရှိ
အဓိကလမ်းမကြီးများပေါ်၌ အချက်အချာနေရာများတွင် လိုအပ်ချက်အရ ထားရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင်
တာဝန်ထမ်းဆောင်နေသူများအား အဂတိကင်းရှင်းစေရေး၊ ငွေကြေးတောင်းခံခြင်းများမရှိစေရေးအတွက်
တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာနှင့်
ကိုယ်နှုတ်အမူအရာ ပြေပြစ်မှုရှိစေရေး၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့် လုပ်ငန်းတာဝန်များနှင့်
စည်းကမ်းချက်များကို သိရှိလိုက်နာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် စစ်ဆေးရေးဂိတ်များ၌
မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက်
ခေတ်မီရှာဖွေရေး X-Ray Station စက်များ၊ နည်းပညာမြင့်စက်ကိရိယာများဖြစ်သည့်
Scanner များ၊ Electronic Endoscope များဖြင့် ရှာဖွေစစ်ဆေးလျက်ရှိပါကြောင်း၊ စစ်ဆေးရေးဂိတ်များတွင်
စက်ကိရိယာများ ယခုထက် ပိုမိုတပ်ဆင်အသုံးပြုနိုင်ရေး လိုအပ်ပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့်
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း
ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ တောင်သူလယ်သမားများအား
စမတ်ကတ် (Smart Card) များထုတ်ပေးပြီး သင့်လျော်သောခွဲတမ်းအလိုက် စက်သုံးဆီ တရားဝင်ဝယ်ယူခွင့်ပြုပေးရန်
အစီအစဉ် ရှိ/ မရှိနှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါ အချက်အလက်များအလိုက် စမတ်ကတ်
(Smart Card) များ ထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက တောင်သူလယ်သမားများနှင့်
MSME လုပ်ငန်းများကို Smart Card ဖြင့် စက်သုံးဆီရောင်းချနိုင်ရေးအတွက် နိုင်ငံတော်၏
ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲရမည်ဖြစ်ခြင်းနှင့် အချက်အလက်များစုဆောင်းရန် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့်
လတ်တလောတွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ အခြားနည်းလမ်းတစ်ခုအနေဖြင့်
လက်ရှိဆောင်ရွက်နေသည့် စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ QR စနစ်ဖြင့်
ဆောင်ရွက်နေသကဲ့သို့ တောင်သူလယ်သမားများကို QR စနစ်ဖြင့်ဆောင်ရွက်၍ ရ/ မရ နည်းပညာအရ
နည်းလမ်းရှာဖွေလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက်
လိုအပ်သည့် စက်သုံးဆီများဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး
စက်သုံးဆီများဝယ်ယူရာတွင် အခက်အခဲများရှိပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (သို့မဟုတ်)
သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ ဆက်သွယ်နိုင်ပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူလယ်သမားများနှင့် MSME လုပ်ငန်းများ လိုအပ်သည့်စက်သုံးဆီများ
ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၄) ဒေါ်မီမီကျော်ထွန်း၏ ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ် ကင်ဆားရာရှိ အခြေခံပညာအလယ်တန်းကျောင်း
(ခွဲ) ၏ (၁၂၀ x ၂၅ x ၁၂) ပေရှိ တစ်ထပ်သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား
ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက်
အစားထိုးကျောင်းဆောင်သစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကချင်ပြည်နယ် တနိုင်းမြို့နယ် ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း
(ခွဲ) တွင် လက်ရှိကျောင်းသားဦးရေ (၈၉၈) ဦး စာသင်ခန်း (၁၅) ခန်းရှိသည့်အတွက် ကျောင်းသားဦးရေအရ
စာသင်ခန်း ထပ်မံလိုအပ်ပါသဖြင့် အန္တရာယ်ဆောင် (၁၂၀ x ၂၅) ပေ သွပ်မိုး၊ သမံတလင်းခင်း၊
အုတ်ညှပ် ၁ ထပ်ဆောင်အားဖျက်သိမ်း၍ ပေ(၁၃၀ x ၃၀) RCC ၂ ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊
ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်အရ
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၇) ဒေါက်တာဗညားအောင်မိုး၏ အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသားတို့၏ စာပေသင်ကြားရေးကို
ထိရောက်စွာ သင်ကြားဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသား မူလတန်းပြ ဆရာအဆင့်နှင့် မူလတန်းပြလစာပေးရန်၊
မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် တိုင်းရင်းသားစာပေသင်ကြားရေး တာဝန်ခံများ ခန့်အပ်ထားပေးရန်နှင့်
မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်ပေးရန်
အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တိုင်းရင်းသားစာပေသင်ကြားသော
အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားရန်အတွက် တိုင်းရင်းသားစာပေသင်ကြားရေး
အထောက်အကူပြု Teaching Assistant (TA) များအား ပုဒ်ပြတ်စနစ်ဖြင့်ခန့်ထားပြီး အနိမ့်ဆုံးပညာအရည်အချင်းအဖြစ်
နဝမတန်းအောင်မြင်ရမည်ဖြစ်ပြီး Language Teacher (LT) များသည် မူလတန်းအဆင့် ပြီးမြောက်ရမည်ဖြစ်ပါကြောင်း၊
၎င်းတို့အနေဖြင့် သင်ကြားချိန်အဖြစ် တစ်ရက်လျှင် (၁) နာရီ၊ တစ်ပတ်လျှင် (၅) နာရီ သင်ကြားရမည်ဖြစ်ပါကြောင်း၊
မူလတန်းပြ (အမြဲတမ်းဝန်ထမ်း) များနှင့် ခန့်ထားမှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်များ၊
လုပ်ငန်းတာဝန်နှင့် သင်ကြားချိန် (Workload) တို့ တူညီမှုမရှိပါကြောင်း၊ လစာနှုန်းထားတစ်ခုပေးအပ်ရန်အတွက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စည်းမျဉ်းသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏
စည်းမျဉ်းလုပ်ထုံးလုပ်နည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံအရ
မူလတန်းပြ ဆရာအဆင့်နှင့် မူလတန်းပြလစာကို ပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်း။
မော်လမြိုင်တက္ကသိုလ်တွင်
မြန်မာစာနှင့် သမိုင်းအထူးပြုဘာသာရပ်များတွင် မွန်ကျောက်စာနှင့် မွန်သမိုင်းဆိုင်ရာအကြောင်းအရာများကို
သင်ရိုးညွှန်းတမ်းနှင့်အညီ ထည့်သွင်းသင်ကြားပေးလျက်ရှိသော်လည်း မွန်စာပေယဉ်ကျေးမှုနှင့်
သမိုင်းအထူးပြုဘာသာရပ်အတွက် သီးခြားဌာနကို ဖွင့်လှစ်ထားခြင်းမရှိသေးပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင်
ဘာသာရပ်ဌာနအသစ်တစ်ခု ဖွင့်လှစ်ရာ၌ လူ့စွမ်းအားအရင်းအမြစ်၊ သင်ရိုးညွှန်းတမ်း၊ ဘဏ္ဍာရေး၊
အဆောက်အအုံနှင့် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို စနစ်တကျ စီမံလျာထားဆောင်ရွက်ရန်
လိုအပ်သကဲ့သို့ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်အတည်ပြုဆောင်ရွက်ရခြင်းလည်း
ဖြစ်ပါကြောင်း။
သို့ပါ၍ လိုအပ်ချက်များကို
ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်ရန် လိုအပ်နေသေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့်
လက်ရှိအချိန်တွင် မော်လမြိုင်တက္ကသိုလ်၌ မွန်စာပေယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်လှစ်ရန်
ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၁) ဦးဇော်မင်းထူး၏ ကယားပြည်နယ် လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်ပါသဖြင့်
ဒေါတမရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမ အခြေခံပညာအလယ်တန်းကျောင်း
၂ ကျောင်း၏ နှစ်ထပ်ကျောင်းဆောင်များအား ဆောက်လုပ်ခဲ့ရာ (၄ဝ ရာခိုင်နှုန်း) ခန့် ပြီးစီးခဲ့ပြီး
လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ
ရပ်တန့်သွားခဲ့ရသည့်အတွက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် (၁၀၀ ရာခိုင်နှုန်း) ပြီးစီးအောင်
ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့်
မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အမှတ် (၅)
အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား အင်အားအရ လိုအပ်သော ပေ (၇၀ x ၃၀) RCC ၂ ထပ်ဆောင်အား
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်၍ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးပါက
သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတွင်
နှင်းဆီဆောင်၊ စံပယ်ဆောင်၊ ပုလဲရတုဆောင် စုစုပေါင်း ၃ ဆောင်နှင့် လက်ရှိဆောက်လုပ်ဆဲ
၁ ဆောင်ရှိပြီး စာသင်ခန်း ၁၀ ခန်းရှိသည့်အတွက် လက်ရှိကျောင်းသားအင်အားနှင့် စာသင်ခန်း
လုံလောက်မှုရှိပါသဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ပါ၍ အမှတ်
(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတို့တွင် အပြီးသတ်ရန်
လိုအပ်သောကျောင်းဆောင်များအား စီမံကိန်းတန်ဖိုးပြောင်းလဲခွင့်နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသော
အမိန့်ကြော်ငြာစာတို့နှင့် အညီဆောင်ရွက်၍ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ရေး
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးငွေထွန်း၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့
အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ဆောင် ပေ (၁၅ဝx၃ဝx၂ဝ) တစ်ထပ်ကျောင်းဆောင်သည် သက်တမ်း
၃၈ နှစ်ကြာပြီဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှု အားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြည့်ပျက်စီးနေခြင်း၊
မျက်နှာကြက်များ ပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညှပ်ထားသော သစ်များခြစားနေခြင်းတို့ကြောင့်
ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့်ရရှိပါက ၎င်းမြေနေရာပေါ်တွင်
ပေ (၁၅ဝx၃ဝx၂၀) RC ၃ ထပ်ဆောင် သို့မဟုတ် ပေ (၁၅၀x၃ဝx၂ဝ) ၂ ထပ်ဆောင် ကျောင်းဆောင်သစ်
ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က
အဆိုပါကျောင်းတွင် ပေ (၁၂၀ x ၃၀) သစ်သားအုတ်ညှပ် တစ်ထပ်ဆောင် ၃ ဆောင်၊ (အန္တရာယ်ဆောင်)
ပေ (၁၅၀ x ၃၀) သစ်သားအုတ်ညှပ် တစ်ထပ်ဆောင် ၁ ဆောင်၊ ပေ (၁၃၀ x ၃၀) RCC နှစ်ထပ်ဆောင်
၂ ဆောင်၊ ပေ (၉၀ x ၃၀) SS (Steel Structure) တစ်ထပ်ဆောင် ၁ ဆောင်၊ စုစုပေါင်း ကျောင်းဆောင်
၇ ဆောင်၊ စာသင် ခန်း ၂၃ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး
ကျောင်းရှိ အန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းခြင်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်
စာသင်ခန်းလိုအပ်နိုင်မည့် အခြေအနေပေါ်မူတည်၍ အစားထိုးတည်ဆောက်နိုင်ရေး ၂၀၂၇ - ၂၀၂၈
ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးမျိုးသန့်၏ လယ်ယာမြေနည်းဥပဒေ ၂ဝ၁၂ အမိန့်ကြော်ငြာစာအမှတ်
၂/ ၂ဝ၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁ဝ၃ ၊ ပုဒ်မ ၁ဝ၄ ၊ ပုဒ်မ ၁ဝ၆ ၏ ပုဒ်မခွဲ (က) (ခ) (စ) နှင့်
ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ (က) တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း
အဆိုကိုလွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်းက မြေနုကျွန်းမြေများ ခွဲဝေပေးခြင်းဆိုသည်မှာ
နှစ်စဉ်ရေကျသွားသည့်အချိန်တွင် ပေါ်လာသည့် မြေနုကျွန်းမြေအသစ်များကို မြေမဲ့ယာမဲ့များအား
ခွဲဝေပေးခြင်းဖြစ်ပါကြောင်း၊ သို့သော် ဥပဒေ၏အားနည်းချက်အချို့ကို အခွင့်ကောင်းယူပြီး
လုပ်ပိုင်ခွင့်ရှိသူတချို့က လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ခိုင်မာပြီးဖြစ်သော
မြေများကိုပါ ဝေခြမ်းသည့်အစီအစဉ်အတွင်း ထည့်သွင်းခြင်း၊ မထည့်ဝင်စေလိုပါက ၎င်းတို့ထံ
ချဉ်းကပ်စေခြင်း ပြုလုပ်တတ်ကြပါကြောင်း၊ ဝေခြမ်းသည့်အခါတွင်လည်း အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်မည့်
မြေမဲ့ယာမဲ့များမဟုတ်ဘဲ ဩဇာအာဏာရှိသူများ၊ ငွေကြေးတတ်နိုင်သူများ၊ ၎င်းတို့၏ မိသားစုဝင်အမည်များဖြင့်
မြေနုကျွန်းများကို လက်ဝါးကြီးအုပ်နေတတ်ပါကြောင်း၊ ခွဲဝေပေးသည့် စံနှုန်းများသည်လည်း
သိသာထင်ရှားမှု၊ ရှင်းလင်းမှုမရှိဘဲ ဖြစ်နေတတ်ပါကြောင်း၊ ခွဲဝေပြီးသည့်အခါတွင်လည်း
အများသိသာထင်ရှားစေရန် အသိပေးကြော်ငြာခြင်း၊ ကန့်ကွက်လိုပါက ကန့်ကွက်ခွင့်ပေးခြင်း
ခွင့်ပြုရန်လိုအပ်ပါကြောင်း၊ အောက်ခြေမှအဂတိလိုက်စားမှု သို့မဟုတ် မတရားခွဲဝေမှုများပြုလုပ်ပါက
ထိရောက်စွာအရေးယူနိုင်မည့် ပြစ်ဒဏ်များကိုလည်း ဥပဒေတွင် ရှင်းလင်းစွာ ပါရှိသင့်ပါကြောင်း။
သို့ပါ၍ အဆိုသည်
ပြည်သူ့ဘဏ္ဍာများဖြစ်သည့် မြေနုကျွန်းမြေများအား လူတစ်စုမှ ကိုယ်ကျိုးအတွက် အလွဲသုံးစားမပြုလုပ်နိုင်ရန်နှင့်
ဆင်းရဲသားတောင်သူများလက်အတွင်းသို့ အမှန်တကယ်ရောက်ရှိစေရန်အတွက် လက်ရှိနည်းဥပဒေများ၏
အားနည်းချက်များအား အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ရန် တိုက်တွန်းခြင်းဖြစ်သည့်အတွက်
အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးစောသွင်က ဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်မည်ဆိုပါက
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူလယ်သမားများ၏ မြေယာလုံခြုံမှုကို ကောင်းမွန်စေနိုင်မည်ဖြစ်ပါကြောင်း၊
နည်းဥပဒေ (၁၀၃) တွင် မြေနုကျွန်းအဓိပ္ပာယ်ကို တိကျစွာပြဋ္ဌာန်းရန်နှင့် GIS, GPS ဖြင့်
ဂြိုဟ်တုမြေပုံစနစ်တို့ကို အသုံးပြုပြီး နယ်နိမိတ်သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း၊ သတ်မှတ်ခြင်းမပြုမီ
ဒေသခံများကို အသိပေးခြင်းနှင့် ကန့်ကွက်ခွင့်ပေးခြင်းတို့ ပြုလုပ်သင့်သည်ဟု ယူဆပါကြောင်း၊
နည်းဥပဒေ (၁၀၄) တွင် အနည်းဆုံး ငါးနှစ်ဆက်တိုက် စိုက်ပျိုးလုပ်ကိုင်သူကို ဦးစားပေးလုပ်ကိုင်ခွင့်ပေးရန်
လိုအပ်သကဲ့သို့ မူလမြေပိုင်ရှင်၏ မြေသည် မြစ်တိုက်စားပြီးပျောက်ဆုံးခဲ့ပါက ဦးစားပေး၍
စဉ်းစားသင့်သည်ဟု ယူဆပါကြောင်း။
နည်းဥပဒေ (၁၀၆)
(က) တွင် မြေနုကျွန်းချထားမှုမပြုမီ မြေတိုင်းတာခြင်း၊ သဘာဝပတ်ဝန်းကျင် စစ်ဆေးခြင်းနှင့်
လူထုသဘောထားရယူခြင်းတို့ကို မဖြစ်မနေပြုလုပ်သင့်သည်ဟု ယူဆပါကြောင်း၊ နည်းဥပဒေ (၁၀၆)
(ခ)တွင် မြေချထားပေးမှုကို အများပြည်သူသိစေရန် ကြေညာရမည်ဖြစ်သကဲ့သို့ ရက် (၃၀) အတွင်း
ကန့်ကွက်ခွင့်နှင့် အယူခံဝင်ခွင့်ရှိသင့်သည်ဟု ယူဆပါကြောင်း၊ နည်းဥပဒေ ၁၀၆ (စ) တွင်
လွှဲပြောင်းခြင်းနှင့် အငှားချထားခြင်းတို့ကို ဥပဒေအရ စနစ်တကျထိန်းချုပ်ထားသင့်သည်ဟု
ယူဆပါကြောင်း၊ အဆိုရှင်၏ အဆိုပြုချက်များသည်လည်း မြေနုကျွန်းတွင် လက်တွေ့ခံစားနေကြရသည့်
ပြည်သူတို့၏ ပဲ့တင်သံဖြစ်ပါကြောင်း၊ အဆိုရှင်တို့ဒေသ၏ ရေ၊ မြေ၊ တော၊ တောင် သဘာဝနှင့်
လူနေမှုဘဝဓလေ့စရိုက်နှင့်လျော်ညီစွာ အမှန်တကယ် စိစစ်ဆောင်ရွက်ပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးသိန်းဇော်က နည်းဥပဒေ (၁၀၃) ကို မြေနုကျွန်းမြေများသည်လည်းကောင်း၊
မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့် ဆက်စပ်ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း
အရွယ်အစားအားဖြင့်ဖြစ်စေ၊ တည်နေရာအားဖြင့်ဖြစ်စေ၊ ပုံသဏ္ဌာန်အားဖြင့်ဖြစ်စေ ပြောင်းလဲလေ့ရှိသဖြင့်
ပြောင်းလဲပေါ်ထွန်းလာသော မြေနုကျွန်းမြေသစ်နှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်ဟူ၍လည်းကောင်း၊
နည်းဥပဒေ (၁၀၄)ကို ရေကျ၍ ပြန်လည်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများမပြောင်းလဲသည့်
မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို မူလလုပ်ကိုင်သူအားခွင့်ပြုပြီး ပြောင်းလဲသွားသော ကျွန်းမြေနုအသစ်များ၏
လုပ်ပိုင်ခွင့်ကို စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့၊
ယာမဲ့၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားရန်ဖြစ်ပြီး
နှစ်စဉ်နွေရာသီအမီ ကျွန်းရေမလွှမ်းမိုးမီ ကြိုတင်စီမံထားရမည်ဟူ၍လည်းကောင်း၊ နည်းဥပဒေ
(၁၀၆) နည်းဥပဒေခွဲ (က) ကို ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများမပြောင်းလဲသည့်
မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို ယခင်နှစ်က လုပ်ပိုင်ခွင့်ရထားသူများအား လုပ်ပိုင်ခွင့်ပြုရမည်ဟူ၍လည်းကောင်း
ပြင်ဆင်ပေးနိုင်ပါက နိုင်ငံသားတို့၏အကျိုးစီးပွား၊ တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို
ပိုမိုဖော်ဆောင်နိုင်ပြီး မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့် ဖြစ်ပေါ်လေ့ရှိသော
ပဋိပက္ခများ၊ ပြဿနာများကို လျော့ပါးပပျောက်စေမည်ဖြစ်ပါသဖြင့် အဆိုကိုထောက်ခံပါကြောင်း
ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးကျော်ဝင်းဦးက မြေနုကျွန်းမြေပေါ်တွင် စိုက်ပျိုးသော
ကိုင်း/ ကျွန်း တောင်သူများသည် ယခင်က ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများတွင် နေထိုင်သူများဖြစ်ပြီး
မြစ်ရေတိုက်စားကာ ကမ်းပါးပြိုကျရွာပျက်ပြီးနောက် ရွာအနီးတွင် ပေါ်ထွန်းလာသော မြေနုကျွန်းမြေများကို
ဥပဒေနှင့်အညီ ပြန်လည်ခွဲဝေယူကာ စိုက်ပျိုးနေထိုင်ကြသူများဖြစ်ပါကြောင်း၊ မြေနုကျွန်းမြေပေါ်တွင်
စိုက်ပျိုးနေထိုင်ကြသော ကိုင်းကျွန်းတောင်သူများသည် တစ်နှစ်လျှင် တစ်ရာသီသာ မြစ်ရေကျချိန်မှစ၍
စိုက်ပျိုးကြရပြီး မြေနုကျွန်းမြေဖြစ်၍ မြေထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့် ရာသီနှင့်သီးနှံကို
ချိန်ဆစိုက်ပျိုးရသော မြေအမျိုးအစားဖြစ်ပါကြောင်း၊ ကိုင်းကျွန်းတောင်သူများ၏ အသက်သွေးကြောဖြစ်သည့်
မြေနုကျွန်းပေါ်တွင် စိုက်ပျိုးခွင့်ရရှိရေးအတွက် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်ချထားရေးဥပဒေသည်
အလွန်အရေးကြီးပြီး ပွင့်လင်းမြင်သာမှုမရှိလျှင် အဂတိမှု၊ မမျှတမှုနှင့် မတရားမှုများကြီးစိုးပြီး
လူမှုပဋိပက္ခများဆီသို့ ဦးတည်သွားစေနိုင်ပါကြောင်း။
သို့ပါ၍ အဆိုရှင်
ပြင်ဆင်လိုသောဥပဒေများသည် တောင်သူများခွဲဝေရရှိသော မြေနုကျွန်းမြေများ၏ ပိုင်ဆိုင်မှုကို
တိတိကျကျပြဋ္ဌာန်းပေးထားပြီး မြေနုကျွန်းမြေခွဲဝေရာတွင် ဘက်လိုက်မှု၊ အဂတိမှုကင်းစွာ
ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်ရန် ပြင်ဆင်ပြဋ္ဌာန်းထားသဖြင့် အဂတိကျူးလွန်မှုကိုတားဆီးရာ
ရောက်စေပါသဖြင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက
လယ်ယာမြေနည်းဥပဒေ-၁၀၃ အား လွှတ်တော်ကိုယ်စားလှယ်၏ အဆိုပြုချက်အရ “အသစ်” ပေါ်ထွန်းမှုကိုသာ
ခွဲဝေပေးထားနိုင်မည်ဆိုသော်လည်း ဧရိယာလျော့နည်း၍ ပေါ်ထွန်းလာသော မြေနုကျွန်းမြေများဖြစ်ပါက
မြေယာခွဲဝေချထားမှု ပိုမို၍ရှုပ်ထွေးလာနိုင်ပါကြောင်း၊ ထို့ပြင် မြေနုကျွန်းမြေများသည်
မြေဆီဩဇာကောင်းမွန်သော မြေများဖြစ်ခြင်းကြောင့် သာမန်အခြား လယ်ယာမြေများနှင့်နှိုင်းယှဉ်ပါက
အကျိုးအမြတ်အလွန်များသဖြင့် ယခင်ချထားပေးသူများကိုသာ ဆက်လက်ချထားမည်ဆိုပါက မျှတမှုမရှိနိုင်သည့်အချက်ကိုလည်း
ထည့်သွင်းစဉ်းစားသင့်သည်ကို တွေ့ရှိရပါကြောင်း။
မြေနုကျွန်းမြေများသည်
နှစ်စဉ်ရေအောက်သို့ နစ်မြုပ်ပြီး တည်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ထွန်းသည့်
ခိုင်မြဲမှုမရှိသောမြေနုများဖြစ်သဖြင့် မြေနုကျွန်းမြေအားလုံးသည် အသစ်ဟု သုံးသပ်မှသာ
ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း။
လယ်ယာမြေနည်းဥပဒေ-၁၀၄
အား ရေကျ၍ ပြန်ပေါ်လာချိန်တွင် ကျွန်းများအနက် အချို့မြေနုကျွန်းများသည် ဧရိယာ အတိုး/
အလျော့ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ဧရိယာလျော့သွားသော မြေနုကျွန်းများတွင် မူလလုပ်ပိုင်ခွင့်ရထားသူအား
ခွင့်ပြုမည်ဆိုပါက လျော့သွားသောဧရိယာတွင် လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်ရန်မြေယာမရှိလျှင်
ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်းစသည့်ကိစ္စရပ်များ
ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ရေကျ၍ ပြန်ပေါ်လာသည့်မြေသည် တည်နေရာ၊ အရွယ်အစား၊
ပုံသဏ္ဌာန်၊ မြေသားပြောင်းလဲမှုမရှိဘဲ နှစ်ကာလအတန်ကြာသည်အထိ တည်ငြိမ်နေပါက မြေနုကျွန်းမြေအဖြစ်မသတ်မှတ်ဘဲ
မြေရင့်အဖြစ်သတ်မှတ်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍
မြေနုကျွန်းမြေဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုအောက်တွင်မရှိသည့် မြေများသာဖြစ်ပါကြောင်း။
လယ်ယာမြေနည်းဥပဒေ-၁၀၆
၊ နည်းဥပဒေခွဲ (က) အား မြေနုကျွန်းမြေကို လုပ်ပိုင်ခွင့်ချထားရာတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်
ပတ်ဝန်းကျင်ရှိ အနီးဆုံးကျေးရွာများမှ စီးပွားရေးစစ်တမ်းများအရ ထွန်ယက်စိုက်ပျိုးနိုင်သောအင်အားရှိသည့်
လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများအခြေအနေတို့ကို အဓိကအခြေခံ၍
နှစ်စဉ်ချထားပေးခြင်းဖြစ်ပါကြောင်း၊ ယခင်နှစ်က ချထားပေးသူများကိုသာ အခွင့်အရေးပေး၍
ခွဲဝေချထားပါက အကျိုးအမြတ်ရရှိနိုင်မှု အခွင့်အရေးများပြားသည့်မြေအား တစ်ဦးတည်းကိုသာ
ဦးစားပေးချထားသကဲ့သို့ ဖြစ်နိုင်ပါကြောင်း၊ ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊
စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်း စသည့်ကိစ္စရပ်များဖြစ်ပေါ်နိုင်သဖြင့်
ယခင်နှစ်လုပ်ကိုင်သူကို ထည့်သွင်းစဉ်းစားပြီး ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊
စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်း စသည့်ကိစ္စရပ်များမဖြစ်ပေါ်အောင်
ချင့်ချိန်သုံးသပ်ရမည့်ကိစ္စဖြစ်ပါကြောင်း။
လယ်ယာမြေနည်းဥပဒေ-၁၀၆
၊ နည်းဥပဒေခွဲ (ခ) အား လယ်ယာမြေနည်းဥပဒေ ၁၀၄ တွင် ဖော်ပြပါအတိုင်း မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို
တစ်နှစ် တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ်နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင်
ကြိုတင်စီမံထားရမည်ဖြစ်သည့်အတွက် နှစ်စဉ် တစ်နှစ်တစ်ကြိမ် နောက်ဆုံးအခြေအနေနှင့်ဆောင်ရွက်ရန်
ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ-၁၁ အရ “မြေနုကျွန်းမြေလုပ်ကိုင်ခွင့် ချထားခြင်းနှင့်စပ်လျဉ်း၍
အုပ်ချုပ်မှုနယ်မြေအပေါ် အခြေခံရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊
နည်းဥပဒေ ၁၀၆ (ခ) ပါ မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးသတ်မှတ်သည့် ကျေးရွာဟု ဖော်ပြထားရှိမှုအပေါ်
တည်ဆဲလယ်ယာမြေနည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက်
အဘက်ဘက်မှသုံးသပ်၍ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း။
လယ်ယာမြေနည်းဥပဒေ-၁၀၆
၊ နည်းဥပဒေခွဲ (စ) အား မြေနုကျွန်းမြေချထားခြင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လုပ်ကိုင်ခွင့်ချထားသူစာရင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
တင်ပြရမည်ဖြစ်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမားကိုယ်စားလှယ်များနှင့်
ရပ်မိရပ်ဖများ ပါဝင်ဖွဲ့စည်းထားပြီးဖြစ်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှုနှင့် အဆင့်ဆင့်ကြီးကြပ်မှုရှိအောင်
ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း။
လယ်ယာမြေနည်းဥပဒေ-၁၁၂
၊ နည်းဥပဒေခွဲ (က) အား မြေနုကျွန်းမြေသည် လယ်ယာမြေဟူသည့် စကားရပ်တွင်ပါဝင်သော်လည်း
ခိုင်မြဲမှုမရှိ၍ တစ်နှစ် တစ်ရာသီသာ လုပ်ပိုင်ခွင့်ကို ခွင့်ပြုထားရှိခြင်းဖြစ်ပြီး
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးထားခြင်းမပြုသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အတွက်
မှတ်ပုံတင်ကြေးပေးဆောင်ရန်မလိုဘဲ စည်းကြပ်သည့်မြေခွန်ကိုသာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း
ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။
သို့ပါ၍ အဆိုနှင့်စပ်လျဉ်း၍
လိုအပ်အပ်သည့်အချက်များကိုသာ ပြင်ဆင်မည်ဆိုပါက အဆိုအား မှတ်တမ်းတင်ထားရှိပြီး အဆိုပါပြင်ဆင်ချက်အပြင်
၂၀၂၀ ပြည့်နှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ-၁၁ ပါပြဋ္ဌာန်းချက်အပေါ် လယ်ယာမြေနည်းဥပဒေတွင်
အခြားဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ များစွာကျန်ရှိနိုင်ပါသဖြင့် လက်ရှိအချိန်၌
ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန်လိုအပ်မှု ရှိ/ မရှိကို အဘက်ဘက်မှ လေ့လာသုံးသပ်၍ ကျယ်ပြန့်စွာ
ဆွေးနွေးပြီး လယ်ယာမြေဥပဒေတွင်ပါဝင်သည့် မြေနုကျွန်းနှင့်ပတ်သက်သည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားရန်
လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုရှင်၏သဘောထားအား မေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအားအတည်ပြုကြောင်း
ကြေညာသည်။
ထို့နောက် တတိယအကြိမ်
အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး
၂၃ ရက်မြောက်နေ့ကို ဇူလိုင် ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment