ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် ဆန့်ကျင်လျက် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အစည်းအဝေးကာလအတွင်း ဇွန်လ ၂၉ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းမှုပြုလုပ်ခဲ့ပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ဇူလိုင်လ ၆ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင်
ယခင်လူ့အခွင့်အရေးကောင်စီအစည်းအဝေးများတွင် အထူးအစီရင်ခံစာတင်သွင်းသူ တင်သွင်းခဲ့သည့်
အစီရင်ခံစာနှင့် အချက်အလက်များကိုသာ ထပ်တလဲလဲဖော်ပြထားသည်ကို တွေ့ရသည်။ အစီရင်ခံစာတွင်
အလွန်အမင်းအစွန်းရောက်သော အမြင်များနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့်အတွက်
မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေအပေါ် မှန်ကန်စွာ ထင်ဟပ်ခြင်းမရှိသည့် အကြောင်းအရာများဖြစ်နေသည်ကို
စိတ်ပျက်ဖွယ်တွေ့ရသည်။ ထို့အပြင် အိုအိုင်စီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင်
ယခင်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုများသည် ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်
ဖြစ်ပွားခဲ့သည့် နေရပ်စွန့််ခွာမှုဇာစ်မြစ် များကို ဖော်ပြရန်ချန်လှပ်ထားသည်။
ယင်းသို့ပျက်ကွက်မှုသည်
နေရပ်စွန့်ခွာသူများဆိုင်ရာ ပြဿနာကို အဓိပ္ပာယ်ရှိရှိ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဖြေရှင်းလိုမှု
ကင်းမဲ့နေသည်ကိုတွေ့ရသည်။ ဆုံးဖြတ်ချက်အဆိုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမုန်းစကားဆိုင်ရာတို့သည်
မြေပြင်အခြေအနေနှင့် လွန်စွာကင်းကွာနေသည့် အခြေအမြစ်မရှိသော ဖော်ပြချက်များ ဖြစ်သည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာမှုများအရေးသည် သမိုင်းကြောင်းရှည်လျားခဲ့ပြီး ရှုပ်ထွေးနက်နဲသော
အခြေအနေများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေဖြင့် နေရပ်စွန့်ခွာသူများ
ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံသဘောတူညီချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်
မြောက်ပိုင်းတွင် လုံခြုံရေးနှင့်တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာပါက နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ
စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောဆန္ဒရှိသည်။
ပြီးခဲ့သည့်ကာလများက
စိစစ်ပြီးစီးသည့် ပြန်လည်ဝင်ရောက်လာသူများကို လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ
ပေးပို့လာသော လူဦးရေစာရင်းကိုစိစစ်ပြီး လစဉ်ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာရပ်ဆိုင်းနေခြင်းသည်
AA အကြမ်းဖက်အဖွဲ့များကြောင့်ဖြစ်သည်ကို အားလုံးအသိပင်ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် အခြားအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်နိုင်ရန်နှင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
ငြိမ်းချမ်းရေးသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။
ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး PDF အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့မှ
စုစုပေါင်း ၄၀၀၀ ကျော် ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်
မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် မမှိတ်မသုန်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေသည့်အချိန်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမျက်နှာစာ၌
မြန်မာနိုင်ငံတစ်နိုင်ငံတည်းအပေါ်တွင် ဦးတည်သည့် ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့်
ဆုံးဖြတ်ချက်အဆိုများ တင်သွင်းနေခြင်းသည် တရားမျှတမှုမရှိဘဲ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်နေသည့်သဘော
သက်ရောက်နေသည်။ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်ဘဲ မြေပြင်ပကတိအခြေအနေများနှင့် ကွဲလွဲသည့်
မမှန်ကန်သော စွပ်စွဲချက်ကို မြန်မာနိုင်ငံအနေဖြင့် တစိုက်မတ်မတ် ဆန့်ကျင်ပယ်ချလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံတည်းအပေါ်ဦးတည်သည့်
အဆိုတင်သွင်းဆုံးဖြတ်ခြင်းတို့သည် အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူမပြုသဖြင့်
အိုအိုင်စီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်မခံဘဲ
ဆွေးနွေးမှုအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် မိတ်ဖက်နိုင်ငံများကို ကျေးဇူးတင်အသိအမှတ်ပြုပြီး
တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဆိုမှန်သမျှတို့ကို ခြွင်းချက်မရှိ ပြတ်ပြတ်သားသားပယ်ချသွားမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment