Monday, July 13, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား

 

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့မှ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား မင်းဘူးမြို့သာသနာ့ဗိမာန်တော်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။






အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မင်းဘူးမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် မင်းဘူးမြို့သည် ယခင်က မြစ်ကူးတံတားမရှိသဖြင့် သွားလာရေးခက်ခဲခဲ့ပြီး ဧရာဝတီမြစ်ကူးတံတားကြီး ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် မကွေးမြို့နှင့် တစ်ဆက်တည်းဖြစ်ခဲ့ကာ ဖွံ့ဖြိုးတိုးတက်သည့် မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း၊ မင်းဘူးမြို့သည် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် နောင်တော်မြို့တစ်မြို့ကဲ့သို့ဖြစ်နေပြီး နီးစပ်ရာမြို့များအနေဖြင့် မင်းဘူးမြို့ကို အားကိုးနေရကြောင်း၊ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် ခရိုင်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် စံပြဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မင်းဘူးမြို့သည် ပညာရေးအားကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း နိုင်ငံတော်အဆင့် အောင်မြင်မှုရရှိသူများ အများအပြားထွက်ပေါ်ခဲ့ကြောင်း၊ ပညာရေးတွင် “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အခြေခံမှစ၍ ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။

မိမိတို့အစိုးရအနေဖြင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ပညာရေးကိုအားပေးမြှင့်တင်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေး အားနည်းမှုများကြောင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ နိမ့်ကျစေနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း များစွာနစ်နာစေနိုင်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် ဗဟုသုတနှင့်ရသများကို ရရှိစေနိုင်မည်ဖြစ်ပြီး အသိအမြင်နှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းများလည်း မြင့်မားလာစေမည်ဖြစ်ကြောင်း၊ အတန်းပညာအားဖြင့် အားနည်းရုံသာမက စာဖတ်ခြင်းသည်လည်း အားနည်းမည်ဆိုပါက ဘဝရှင်သန်ရပ်တည်မှုတွင် ခက်ခဲစွာ ရုန်းကန်နေရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အစိုးရအနေဖြင့် ကျောင်းပညာရေးအား အဓိကပံ့ပိုးအားပေးဆောင်ရွက်လျက်ရှိသည့်အပြင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း အားဖြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ဖြစ်စဉ်များကြောင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွင် လူငယ်လူရွယ်အများအပြား လက်နက်ကိုင် အကြမ်းဖက်သည့် လမ်းစဉ်သို့ ရောက်ရှိခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရကြောင်း၊ ထိုသို့ဖြစ်ပေါ် လာရခြင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆွဲဆောင်စည်းရုံးခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းတို့ကို အကောင်း အဆိုး၊ အကြောင်းအကျိုး စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်စွမ်း အားနည်းမှုများကြောင့်ပင် ဖြစ်ကြောင်း၊ အဓိကမှာ အတန်းပညာပိုင်းဆိုင်ရာအားနည်းမှုနှင့် စာပေအသိအမြင်ပိုင်းဆိုင်ရာ အားနည်းမှုတို့ကြောင့်ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာများကို သင်ခန်းစာယူ၍ ပြုပြင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပညာရေးမြှင့်တင်မှုကို မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို အခြေခံ၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အတန်းပညာနှင့် အတတ်ပညာများရှိပြီး မိမိခြေထောက်အပေါ် မိမိရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မင်းဘူးမြို့ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်မြို့ပြတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းစီ ဝင်ငွေကောင်းမွန်ရန် လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးအတွက်လည်း စီမံပေးကြရမည်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် မိမိအနေဖြင့် သွားရောက်အမှာစကားပြောကြားခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဝါကိုများစွာ စိုက်ပျိုးကြကြောင်း၊ ဝါစိုက်ပျိုးမှုကို ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်ပြီး ဝါဂွမ်း၊ ချည်နှင့် ချည်ထည်များအဖြစ် စက်မှုလုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ဝါစေ့မှ ဝါစေ့ဆီကို ထုတ်လုပ်ပြီး တိရစ္ဆာန်အစာများအဖြစ် အသုံးပြုနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်နေထိုင်သူများက ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

အလားတူ ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေး ပညာရပ်များအလိုက် အမြဲမပြတ်လေ့လာနေကြရန်လိုကြောင်း၊ ဒေသတွင်းရှိ လူအများစု ပညာတတ်များဖြစ်မှသာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

မြို့ပြတည်ဆောက်ရေးနှင့်ပတ်သက်၍ လူနေမှုစနစ်များ မြှင့်တင်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်းနေထိုင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်သည့် ကလေးငယ်များဖြစ်စေရေး၊ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများ မြှင့်တင်ရေးအတွက်လည်း ရပ်မိရပ်ဖများအနေဖြင့် ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မင်းဘူးမြို့မှ ဒေသခံပြည်သူများအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် တက်ရောက်လာကြသည့် မင်းဘူးမြို့ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြကြရာတွင် နိုင်ငံတော်သမ္မတကြီးအနေဖြင့် မင်းဘူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်များကို ဒေသခံများအနေဖြင့် ကျေးဇူးတင်လျက်ရှိမှု၊ မင်းဘူးမြို့ ကမ်းနားလမ်းတစ်လျှောက် မြေနိမ့်ပိုင်းများ၌ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ရေထိန်းတာပေါင်နံရံ ဆောင်ရွက်ပေးစေလိုမှုနှင့် ကမ်းနားလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ မင်းဘူး (စကု) မြို့နယ် ရွာသာယာကျေးရွာရှိ တိုက်နယ်ဆေးရုံ (၁၆) ခုတင်ဆံ့အား အဆောက်အအုံသစ် ခွင့်ပြုပေးစေလိုမှု၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းသို့ ရပ်ဝေးမှလာရောက်တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် အဆောင်ခွင့်ပြုပေးစေလိုမှု၊ မင်းဘူး (စကု) မြို့နယ် ဒေသအတွက် လိုအပ်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လိုမှု၊ ကျောက်တန်းကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့၊ ရေပေးဝေခြင်းလုပ်ငန်းအား လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းအစား ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေးစေလိုမှု၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သနပ်ခါးတော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ ပြန်လည်လမ်းညွှန်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရာသီဥတုပူပြင်းလာမှုကို မိမိတို့အနေဖြင့် ရှောင်လွှဲ၍ရနိုင်မည်မဟုတ်သော်လည်း သစ်ပင်သစ်တောများ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးခြင်းအားဖြင့် မြို့ရွာများတွင်နေထိုင်ကြသူများ ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် အေးမြသည့် အရိပ်အာဝါသကိုခံစားနိုင်မည်ဖြစ်ကြောင်း၊ ယခင်က သစ်ပင်များ စိုက်ပျိုးခဲ့ကြသဖြင့် မိမိတို့အနေဖြင့် အရိပ်အာဝါသကို ခံစားနေကြရခြင်းဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုများ ဖောက်ပြန်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နောင်အနာဂတ်လူငယ်များအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို မဖြစ်မနေဆောင်ရွက်သွားကြရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှသာလျှင် ပို့ကုန်များတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အကျိုးရှိစွာဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ဒေသနှင့်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာ ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ မင်းဘူးဒေသတွင်လည်း နှမ်းစိုက်ပျိုးကြကြောင်း၊ နှမ်းတစ်ဧကလျှင် တစ်ဧက ပန်းတိုင်ရည်မှန်းချက် တင်း ၂၀ ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်မြင့်မားလာပြီး လူနေမှုအဆင့်များ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသ၏စီးပွားရေးအား ကောင်းမွန်မှုရှိစေရေး ကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အောင်မြင်အောင် အဓိကဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍစသည်ဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ အတွေးအခေါ်မှားနေသူများကိုလည်း ပြင်ပေးကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သော်လည်း နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့်ကိုက်ညီသည့် စည်းကမ်းစနစ်တကျရှိသည့် ဒီမိုကရေစီဖြစ်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံကို ကောင်းအောင်တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ထိုအပေါ်တွင် သဘောထားကွဲလွဲနေသူများကိုလည်း နားလည်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထိုသို့ သဘောထားကွဲလွဲမှုများသည် ပညာရေးအားနည်းချက်များ၏ အကျိုးဆက်များပင်ဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့်အတိုင်း အသိအမြင်၊ အတွေးအခေါ်ကောင်းများနှင့် ပြည့်စုံသည့် အနာဂတ်လူငယ်များ ထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

မင်းဘူးခရိုင် အားကစားကွင်း

ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များလိုက်ပါ၍ မင်းဘူးခရိုင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

မကွေးတက္ကသိုလ်

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မကွေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် တက္ကသိုလ်ရှိ ဘက်စုံခန်းမ၊ သိပ္ပံသုတေသနစင်တာနှင့် စာကြည့်တိုက်တို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ပရိဝုဏ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

နည်းပညာတက္ကသိုလ်(မကွေး)

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မကွေးမြို့နယ် ကန်ပြားကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ် (မကွေး) သို့ ရောက်ရှိကြရာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အစည်းအဝေးခန်းမတွင် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်သမိုင်းအကျဉ်းနှင့် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ အားကစားကွင်း၊ စာကြည့်တိုက်နှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ရေးအတွက် တက္ကသိုလ်ပိုင်မြေလိုအပ်လျက်ရှိမှုနှင့် သင်ကြားရေးဆိုင်ရာ အခြားလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment