Wednesday, July 15, 2026

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားရေးတာဝန်ဖြင့်ဆောင်ရွက်

 


ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်အထိ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက်၌ အပူဆုံးနှစ်ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်များကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများ၌ ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သည့်အတွက် နိုင်ငံတော်သမ္မတက အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားသည်။

ရာသီဥတုကို အန်တုနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ သို့သော် နေရာဒေသ၊ ရေမြေ၊ ရာသီဥတုအပေါ်မူတည်ပြီး ဒေသတစ်ခုနှင့်တစ်ခု သစ်တောဖုံးလွှမ်းမှုကွာခြားသည်ကို တွေ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ၁၃ ခရိုင်သည် ပူပြင်းခြောက်သွေ့ပြီး သစ်တောသစ်ပင်နည်းပါးသည်။ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆန်းစစ်လေ့လာမှုများအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ သစ်တောသစ်ပင်ကျဲပါးသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံးစာရင်းဝင်နေသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်ရှိကြောင်းသိရသည်။ မြေလတ်ဒေသမြို့ကြီး ၁၂ မြို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက နှစ်စဉ်နွေရာသီ၌ အပူရှောင်စခန်းများဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုများကို အပူဒဏ်မှ သက်သာစွာနားနေစေနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ အချို့မြို့များတွင်ဆိုပါက သဲကန္တာရဖြစ်ထွန်းမှုအန္တရာယ်များဖြစ်နိုင်သည့် လက္ခဏာများရှိသဖြင့် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ အပေါ်ယံမြေဆီလွှာတိုက်စားခြင်းစသည်တို့ကို ရင်ဆိုင်နေရသည်။ အပင်များ သဘာဝအတိုင်း ပေါက်ရောက်မှုမရှိတော့ဘဲ စိုက်ပျိုးရန်ခက်ခဲသောမြေများ၊ ကျောက်ကုန်းများ၊ သဲမြေများအဖြစ် ပြောင်းလဲသွားသည့်ဖြစ်စဉ်များ တွေ့ရသည်။

ထို့ကြောင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့် အရှိန်အဟုန်မြှင့်တင်ပြီး အမျိုးသားရေးအသွင်ဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါဒေသများသို့ နိုင်ငံတော်သမ္မတကိုယ်တိုင် ကွင်းဆင်းသွားရောက်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ အကျိုးရလဒ်များကို ဒေသခံပြည်သူများ ပထမဆုံးခံစားကြရမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းသည် ပူပြင်းသည့်ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေရန် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။ သစ်ပင်များစိုက်ပျိုးခြင်းကြောင့် အရိပ်အာဝါသကောင်းများရရှိလာပြီး အပူရှိန်လျော့ပါးလာခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာပြီး မျက်စိပသာဒဖြစ်စေခြင်း၊ လူအများ စိတ်နှလုံးအေးမြစေခြင်း၊ ကျေးငှက်တိရစ္ဆာန်များ နားခိုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တော ထိန်းသိမ်းခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော်လည်း လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်၊ ထင်း၊ ဝါးလိုအပ်ချက်များ မြင့်မားလာခြင်း၊ ကျေးရွာများ၊ စိုက်ပျိုးမြေများနှင့် မြို့ပြများ ချဲ့ထွင်လာခြင်း၊ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲလာခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ တိရစ္ဆာန်များ၏ဖျက်ဆီးခြင်း စသည့်အကြောင်းများကြောင့် သစ်တောစိုက်ခင်းများ ပျက်စီးဆုံးရှုံးနေသည်ကိုတွေ့ရသည်။ အကျိုးဆက်အနေဖြင့် ပူပြင်းခြောက်သွေ့ပြီး ပြင်းထန်သည့် ရာသီဥတုသဘာဝဘေးအန္တရာယ်တို့ကို ခံစားလာကြရသည်။ အထူးသဖြင့် ယခုဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုဒဏ်ကို အပြင်းအထန်ခံစားရမည့် အခြေအနေများရှိနေသည်။

သို့ဖြစ်ရာ သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဘက်စုံအကျိုးကျေးဇူး များရရှိနိုင်သကဲ့သို့ နိုင်ငံ၏ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ခြင်းဖြစ်သဖြင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ အပူပိုင်းဒေသ ၁၃ ခရိုင် အပါအဝင် နိုင်ငံတစ်ဝန်း သစ်တောစိုက်ပျိုးထိန်းသိမ်း ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


No comments:

Post a Comment