နေပြည်တော် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက်အဦဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊
ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာချာလီသန်း၊ ဦးခင်မောင်စိုး၊
ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဦးမျိုးသန့်၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ ယဉ်ကျေးမှုသံမှူးများ၊
အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
အခမ်းအနားအစီအစဉ် ပထမပိုင်း ကျင်းပပြုလုပ်မည့် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံသို့ ရောက်ရှိကြရာ
တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က
ဝဇီရာ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက
ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ
ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည်
ခင်းကျင်းပြသထားသည့် မြန်မာ့ဆိုင်းဝိုင်းကြီးဖြစ်ပေါ်လာပုံနှင့် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊
ပဉ္စရူပနယား အရုပ်သမိုင်း၊ မြန်မာ့ရုပ်သေးသဘင်အနုပညာနှင့် မြန်မာ့ရိုးရာ မင်္ဂလာစည်တော်ကြီးတို့အား
ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ်
ဒုတိယပိုင်းကို ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံအတွင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားကို ဟိုတယ်၊
ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “မြန်မာမျက်ရှု
ပြည်သူ့ဝဇီရာ” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတက
ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင်
ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် ရန်ကုန်မြို့၏ ယဉ်ကျေးမှုနှလုံးသားဟု တင်စားရမည့်
နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာရုပ်ရှင်ရုံကြီးကို
မူလလက်ရာမပျက် ပြန်လည်မွမ်းမံပြီး နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ (Red
Carpet Theatre) အဖြစ် အောင်မြင်စွာအဆင့်မြှင့်တင်ဖွင့်လှစ်နိုင်သည်ကို ဂုဏ်ပြုခွင့်ရသည့်အတွက်
များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း။
ဝဇီရာရုံဟု ခေါ်တွင်ခဲ့သည့်
မူလအိတ်ဆယ်စီယာ (Excelsior) ရုံကြီးသည် ၁၉၂၃ ခုနှစ်ကတည်းက မေဒန်သီရေတာကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့်
ယခုအခါ နှစ်ပေါင်း (၁၀၃) နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အိတ်ဆယ်စီယာ (Excelsior) ဆိုသည့်စကားသည်
လက်တင်ဘာသာစကားအရ “အစဉ်မြှင့်တင်ခြင်း သို့မဟုတ် ပိုမိုမြင့်မားရာသို့”
(Ever upward/ Still Higher) ဟု အဓိပ္ပာယ်ရသည့်အတိုင်း ယခုရုံကြီးသည်လည်း ခေတ်အဆက်ဆက်
မြင့်မားသည့် အနုပညာစံနှုန်းများနှင့် ပြည်သူများကို ဖျော်ဖြေမှုပေးခဲ့ကြောင်း။
ယခုရုပ်ရှင်ရုံကြီးကို
၁၉၄၂ ခုနှစ်ဂျပန်ခေတ်တွင် “ရန်ကုန်ရုပ်ရှင်ရုံ” ၊ စစ်ပြီး ခေတ်တွင် “အေဝမ်းရုံ”
(A-1 Cinema) စသဖြင့် အမည်များပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့
ရုပ်ရှင်ရုံများကို မြန်မာအမည်ပြောင်းလဲသည့်အခါ “ဝဇီရာရုပ်ရှင်ရုံ” ဟု တရားဝင်
အမည်ရရှိခဲ့ကြောင်း။
“ဝဇီရာ” ဟူသောအမည်သည် ပါဠိဘာသာ “ဝဇိရ” က ဆင်းသက်လာပြီး
“စိန်ကဲ့သို့ မာကျောတောက်ပြောင်သော၊ တန်ဖိုးရှိသောအမွေအနှစ်” သို့မဟုတ် “သိကြားမင်း၏
မိုးကြိုးလက်နက်” ဟု အဓိပ္ပာယ်ရကြောင်း၊ ထို့ကြောင့်လည်း ဝဇီရာဟု အမည်ပြောင်းခဲ့သည့်
ကဇာတ်ရုံကြီးသည် ဖျော်ဖြေမှုအဆောက်အအုံသက်သက်သာမဟုတ်ဘဲ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်
နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများကို ကိုယ်စားပြုသည့် သမိုင်းမှတ်တမ်းဝင်
ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေပြနေသည်ဟု ဆိုနိုင်ကြောင်း။
ယခုကဇာတ်ရုံကြီးတွင်
၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux
Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံး ရုပ်ကြွများနှင့် လှပခမ်းနားစွာ တန်ဆာဆင်ထားကြောင်း၊
ဝဇီရာရုပ်ရှင်ရုံကြီး၏ ရှေ့မျက်နှာစာတွင် အိုင်အိုနစ် (Ionic Style) ကျောက်တိုင်ကြီး
၄ လုံးကို ခန့်ညားစွာ တွေ့ရှိနိုင်ပြီး တိုင်ထိပ်များတွင် အနုစိတ်ထားသည့် အင်္ဂတေပန်းတော့လက်ရာများနှင့်
ရွှေရောင်လွှမ်းသည့် အနုပညာလက်ရာများ ပါဝင်ဖွဲ့စည်းထားသော ကမ္ဘာ့အဆင့်မီ ရှေးဟောင်းဗိသုကာအလှအပများကို
ထင်ရှားစွာမြင်တွေ့နိုင်ကြောင်း။
ဝဇီရာရုပ်ရှင်ရုံ၏
အတွင်းပိုင်းဖွဲ့စည်းပုံသည် ရိုးရိုးရုပ်ရှင်ရုံများကဲ့သို့ မဟုတ်ဘဲ ကဇာတ်ပြဇာတ်များ
တိုက်ရိုက်ကပြတင်ဆက်ခြင်းနှင့် ရုပ်ရှင်ပြသခြင်းနှစ်မျိုးစလုံးကို ဘက်စုံသုံးပုံစံဖြင့်
ဖျော်ဖြေနိုင်ရန် စနစ်တကျတည်ဆောက်ထားသည်ကို တွေ့ရကြောင်း၊ အဓိကထူးခြားချက်မှာ အနုပညာရှင်များ
တင်ဆက်ကပြနိုင်သည့် မုခ်ခုံးစင်မြင့်ဇာတ်ခုံ (Proscenium Stage) ကို စနစ်တကျ ထည့်သွင်းဆောက်လုပ်ထားခြင်းပင်ဖြစ်ကြောင်း။
ပွဲကြည့်စင်ကို
မြေညီထပ်ပွဲကြည့်စင်နှင့် အပေါ်ထပ်ပွဲကြည့်စင်ဟူ၍ နှစ်ထပ်ခွဲထားပြီး အပေါ်ထပ်၏ ဘေးတစ်ဖက်တစ်ချက်တွင်
ရုပ်ရှင်ရုံကြီး၏ အမိုးအထိ အချိုးကျထိုးတက်သွားသည့် တိုင်လုံးရှည်ကြီးများ (Tall
Pillars) များနှင့် ခေါင်မိုးကို ထောက်ကူပေးထားသည်ကို တွေ့ရကြောင်း၊ ရှေးခေတ်ဥရောပ
အော်ပရာပြဇာတ်ရုံကြီးများကဲ့သို့ ထည်ဝါခမ်းနားလှပြီး မူလသမိုင်းဝင် လက်ရာများကို ယနေ့တိုင်
ပေါ်လွင်စေပါကြောင်း။
ဝဇီရာရုပ်ရှင်ရုံကြီးသည်
မြန်မာ့ရုပ်ရှင်၏ သမိုင်းဝင်မှတ်တိုင်များနှင့် အနုပညာ လက်ရာကောင်းများစွာကို မွေးဖွားသန့်စင်ပေးခဲ့သည့်
ရုပ်ရှင်ရုံကြီးပင်ဖြစ်ကြောင်း၊ မြန်မာ့အသံထွက် ရုပ်ရှင်ခေတ်ဦးကာလတွင် ကမ္ဘာကျော်ဝတ္ထုကြီး
Camille ကို အခြေခံထားသည့် ၁၉၂၉ ခုနှစ်က ဒါရိုက်တာ ဦးညီပု ရိုက်ကူးထုတ်လုပ်ခဲ့ပြီး
သရုပ်ဆောင် မောင်ညီပု၊ မင်းသမီး ခင်ခင်နုတို့ပါဝင်သည့် “ဆုထူးပန်” ဇာတ်ကားကြီးကို ယခုရုံကြီး၌ပင်
ရုံတင်ပြသခဲ့ကြောင်း၊ ဆက်လက်ပြီး လန်ဒန်မြို့ အခြေစိုက်ရုပ်ရှင်ပြပွဲများအထိ တင်ပို့ပြသခွင့်ရရှိခဲ့သည့်အတွက်
သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ခဲ့ကြောင်း။
ဒုတိယကမ္ဘာစစ်အတွင်း
ဂျပန်ခေတ်ကာလ နိုင်ငံခြားမှဖလင်လိပ် တင်သွင်းသည့်လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ပြီး
မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခဲ့ကြောင်း၊ ထိုသို့စစ်အတွင်းကာလတွင်
ဝဇီရာ၊ ထိုစဉ်က Excelsior သည့် မြန်မာ့ပြဇာတ်လောက၏ အမြင့်မားဆုံးဖြစ်သည့် “စစ်တွင်း
ပြဇာတ် ရွှေခေတ်” ကို စတင်ပုံဖော်ပေးခဲ့သည့် ပြဇာတ်ရုံကြီးလည်းဖြစ်ခဲ့ကြောင်း။
ဝဇီရာ၏ စင်မြင့်ပေါ်တွင်
နာမည်ကြီး စာရေးဆရာ၊ ပြဇာတ်ဝိဇ္ဇာကြီးများဖြစ်ကြသည့် ဒဂုန်ရွှေမျှား၊ ဒဂုန်ဆရာတင်၊
ဒဂုန်နုတို့၏ ကမ္ဘာကျော် ပြဇာတ်ကြီးများကို ခမ်းနားစွာ ကပြတင်ဆက်ခဲ့ကြကြောင်း၊ အထူးသဖြင့်
စစ်အတွင်း ဒုက္ခရောက်နေသည့် ပြည်သူများ၏ စိုးရိမ်စိတ်နှင့် မွန်းကြပ်နေမှုများကို အနုပညာဖြင့်
ဖေးမကူညီပေးခဲ့သည့် “မမုန်းစက္ကူ” ပြဇာတ်ကြီးနှင့် “ပုလဲကုံး” ပြဇာတ်ကြီးများသည်
ဝဇီရာစင်မြင့်ပေါ်တွင် အောင်ပွဲခံနိုင်ခဲ့ကြောင်း။
အနုပညာရှင်ကြီးများဖြစ်ကြသည့်
ပြည်လှဖေ၊ မေရှင်၊ ခင်မောင်ရင်တို့၏ ပြောင်မြောက်သည့် အနုပညာစွမ်းရည်များသည် ယခုရုံကြီး၏
စင်မြင့်ထက်တွင် ပြည်သူ့နှလုံးသားကို သိမ်းပိုက်ခဲ့ပြီး မွန်းကြပ်နေသည့် ပြည်သူများကို
ကြီးမားလှသည့်စိတ်ဓာတ်ခွန်အားများနှင့် အနုပညာအသက်ရှူပေါက်ကို ပေးစွမ်းနိုင်ခဲ့ကြောင်း။
၁၉၅၂ ခုနှစ်တွင်
ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆုနှင့်
မင်းသမီး ကြည်ကြည်ဌေး အမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့သည့် “ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း
ပြသခဲ့သည့် ထိပ်တန်းရုပ်ရှင်ရုံ တစ်ရုံလည်းဖြစ်ကြောင်း။
ထို့နောက်တွင်
မင်းသား၊ မင်းသမီးကြီးများဖြစ်ကြသည့် ဇေယျ၊ ကျော်ဆွေ၊ ထွန်းဝေ၊ ဖိုးပါကြီး၊ ရွှေဘ၊
မေမြင့်၊ ခင်ယုမေ၊ ဝင်းမင်းသန်း စသည့်ထိပ်တန်းအနုပညာရှင်ကြီးများ၏ လက်ရာကောင်းများစွာကိုလည်း
စဉ်ဆက်မပြတ် ရုံတင်တင်ဆက်ပြသခဲ့ပြီး မြန်မာ့ရုပ်ရှင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည့်
အမျိုးသားအဆင့် စင်မြင့်ကြီးလည်းဖြစ်ကြောင်း။
၁၉၆၈ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းတွင်လည်း
ဝဇီရာရုပ်ရှင်ရုံကြီးက အရည်အသွေးမြင့်မားသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို ဆက်လက်ပြသပေးခဲ့ပြီး
ပြည်သူများ၏ အပန်းဖြေစရာနှင့် ယဉ်ကျေးမှုဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း။ ၁၉၈၈
ခုနှစ်နောက်ပိုင်းတွင်လည်း ဆရာကြီး ဗိုလ်ကလေး တင့်အောင်နှင့် ဂီတလုလင် ဦးကိုကိုတို့၏
လက်ရာများဖြစ်သည့် “ဂုဏ်တု ဂုဏ်ပြိုင်” ၊ “အမေ့ချွေးမ လှလှလေး” စသည့်ပြဇာတ်များနှင့်
ဝဇီရာပြဇာတ်ရုံအဖြစ် ပြန်လည်အသက်ဝင်ခဲ့ခြင်းသည်လည်း အနုပညာရှင်များစွာအတွက် မမေ့နိုင်စရာ
အမှတ်တရများဖြစ်ကြောင်း။
ဝဇီရာရုပ်ရှင်ရုံကြီးသည်
အနုပညာရှုထောင့်ကကြည့်ပါက မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်ထူးခြားလှသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နှင့်
ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ကြောင်း၊ လှပခိုင်ခံ့သည့်
ပြင်သစ် ဗိသုကာလက်ရာ၊ ကျွန်းသစ် နံရံကတ်ပြားများနှင့် ရှေးဟောင်းရုပ်ရှင်ရုံကြီးသည်
ဒြပ်ရှိအမွေအနှစ်အဖြစ်တည်ရှိနေချိန် စင်မြင့်ထက်တွင် ကပြတင်ဆက်ခဲ့ကြသည့် မြန်မာ့သဘင်၊
ဆိုင်း၊ ဂီတ၊ အက၊ ပြဇာတ်နှင့် ရုပ်ရှင်တင်ဆက်မှုများသည်လည်း ဒြပ်မဲ့အမွေအနှစ်အဖြစ်
ထင်ဟပ်စေပြီး ဝဇီရာကို သမိုင်းစဉ်ဆက် ရှင်သန်စေခဲ့ကြောင်း။
ထိုအတွက် မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့်
ယခုကဲ့သို့တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ကြီးကို အနာဂတ်မျိုးဆက်သစ်များအတွက်
လက်ဆင့်ကမ်းနိုင်ရန် အထူးအလေးထားပြီး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိကိုယ်တိုင်ပြီးခဲ့သည့်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ယခု ဝဇီရာရုပ်ရှင်ရုံကြီးကို လာရောက်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း။
အဆိုပါလမ်းညွှန်ချက်များကို
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကော်မတီများက ပေါင်းစပ်ညှိနှိုင်းပြီး ကြိုးစားအကောင်အထည်ဖော်နိုင်ကြသဖြင့်သာ
ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet
Theatre) အဖြစ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မူလသမိုင်းဝင် ဗိသုကာလက်ရာများကို
မပျက်စီးစေဘဲ အလေးပေးတန်ဖိုးထားမှုများနှင့်အတူ ခေတ်မီရုပ်ရှင်ကြည့် ထိုင်ခုံများ၊
ရုပ်ရှင်နှင့်ပြစက်ပါ နှစ်မျိုးသုံးနိုင်သည့် LED နောက်ခံ Screen များနှင့် နောက်ဆုံးပေါ်
အသံလုံစနစ်များစသည့် ခေတ်ပေါ်နည်းပညာများ ပေါင်းစပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံအများစုတွင်
ဂန္ထဝင်ယဉ်ကျေးမှုပြဇာတ်ကြီးများ၊ သီချင်းကြီးများနှင့် သံစုံတီးဝိုင်းများကို သီးသန့်တန်ဖိုးထားပြီး
တခမ်းတနား တင်ဆက်ကပြကြည့်ရှုလေ့ရှိသည့် အော်ပရာပြဇာတ်ရုံကြီးများ (Opera Houses) ရှိနေကြကြောင်း၊
မိမိတို့ မြန်မာနိုင်ငံတွင်လည်း ယခုဖွင့်လှစ်လိုက်သည့် ဝဇီရာကဇာတ်ရုံကြီးသည် မြန်မာ့ရိုးရာ
ဆိုင်း၊ အငြိမ့် ၊ သဘင်၊ ရိုးရာ ကဇာတ်ကြီးများနှင့် ဂန္ထဝင် မြန်မာ့ပြဇာတ်ကြီးများကို
နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မည့် တစ်ခုတည်းသော အမျိုးသားအဆင့်
ကဇာတ်ရုံကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း။
ယခုကဇာတ်ရုံကြီးတွင်
တင်ဆက်မည့် အနုပညာလက်ရာများသည် ရိုးရိုး ဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို
ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိသည့်၊ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်သည့်
တင်ဆက်မှုများကို မြန်မာပြည်သူပရိသတ်များနှင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်
နိုင်ငံခြားသားဧည့်သည်များ ဂုဏ်ယူစွာ ကြည့်ရှုခံစားနိုင်တော့မည်ဖြစ်ကြောင်း။
ယခုအဆင့်မြှင့်တင်ပြီး
ပြန်လည်အသက်သွင်းလိုက်သည့် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံကြီးသည် ရုပ်ရှင်ပြသရန် သက်သက်သာမဟုတ်ဘဲ
ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတပွဲများကျင်းပရာ ဘက်စုံသုံး အနုပညာဗဟိုချက်
(Cultural Hub) တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနုပညာဖျော်ဖြေရေး
ပြက္ခဒိန်ရေးဆွဲပြီး ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကားများပြသခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ
ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာသဘင်နှင့် ဂီတဖျော်ဖြေပွဲများကျင်းပခြင်း၊ ကမ္ဘာလှည့်
ခရီးသွားများအတွက် ယဉ်ကျေးမှုအထူးပြပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ
ကျင်းပခြင်းစသည့် အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင်
ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက
ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နှင့် ယဉ်ကျေးမှုစီးပွားရေး
(Cultural Economy)တို့နှင့်ပတ်သက်ပြီး များစွာအထောက်အကူပြုနိုင်တော့မည်ဖြစ်ကြောင်း။
ဝဇီရာရုပ်ရှင်ရုံကြီးသည်
အုတ်၊ သဲ၊ ကျောက်များနှင့် တည်ဆောက်ထားသည့် သာမန်အဆောက်အအုံ တစ်ခုသာမဟုတ်ဘဲ ဖြတ်သန်းခဲ့သည့်
ခေတ်အဆက်ဆက်မှ အနုပညာရှင်များ၏ အနုပညာဝိညာဉ်နှင့် ပြည်သူပရိသတ်များ၏ ရင်ခုန်သံများ
ကိန်းဝပ်နေသည့် သမိုင်းဝင် ပြတိုက်ကြီးတစ်ခုဟုသာ ပြောရမည်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ဝဇီရာရုပ်ရှင်ရုံကြီး
ပြန်လည်ရှင်သန်နိုးထလာခြင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကို
ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အဆိုးအကောင်း ရောပြွန်းနေသည့် နိုင်ငံတကာ
ယဉ်ကျေးမှု ရေစီးကြောင်းကြီးသည် မြန်မာနိုင်ငံကိုလည်း အကြားအလပ်မရှိ စီးဝင်ထိုးဖောက်ဝင်နေကြောင်း၊
မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ မကျိုးကြေသွားစေရန် “ဝဇီရာ” ကဲ့သို့ မာကျော၊
တောက်ပ၊ ထွင်းဖောက်နိုင်သည့် စွမ်းအားနှင့်သာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
ရိုးရာယဉ်ကျေးမှုဆိုသည်မှာ
အလွန်နူးညံ့သိမ်မွေ့ပြီး စွမ်းအားရှိသည့် (Soft Power) ဖြစ်ခြင်းကြောင့် ထိန်းသိမ်းနိုင်ရန်အတွက်
တန်ဖိုးထားလေးစားဂုဏ်ယူပြီး ထာဝရတည်တံ့အောင် ကာကွယ်စောင့်ရှောက်သွားမည်ဆိုသည့် ခိုင်မာသည့်စိတ်ဓာတ်များ
လိုအပ်မည်ဖြစ်ကြောင်း၊ ထိုအတွက် ယခုဖွင့်လှစ်လိုက်သည့် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ
ကဇာတ်ရုံကြီးသည် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးနိုင်မည်ဟု
မျှော်လင့်သကဲ့သို့ အနာဂတ်အနုပညာ မျိုးဆက်သစ်များအတွက်လည်း အဖိုးတန်အနုပညာ လင်းရောင်ခြည်များ
ပေးစွမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးသည်
နာမည်နှင့်လိုက်ဖက်စွာ ကမ္ဘာတည်သရွေ့ ခိုင်မာ၊ တောက်ပစွာ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း
ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံ
ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား
ဂါရဝပြု ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံဆိုင်ရာ
Video Clip ကို ကြည့်ရှုကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊
မြန်မာနိုင်ငံဂီတအစည်းအရုံး၊ နိုင်ငံကျော်ရုပ်သေးပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့၏
ဂုဏ်ပြုတင်ဆက်မှုများ၊ ပြဇာတ်၊ တေးသရုပ်ဖော်တို့ဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို
ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင်
နိုင်ငံတော်သမ္မတက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းချီးမြှင့်ပေးအပ်ပြီး
ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ၏ အသံစနစ်တပ်ဆင်ထားရှိမှုနှင့် ဝဇီရာရုပ်ရှင်ရုံအား
နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်မွန်းမံပြင်ဆင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)




No comments:
Post a Comment