Sunday, July 26, 2026

(၁၅)ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်း၏ အထွေထွေညီလာခံနှင့် (၄၇)ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်း အုပ်ချုပ်မှုကောင်စီအစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့်အဖွဲ့ တက်ရောက်

 

နေပြည်တော် ဇူလိုင် ၂၅

ထိုင်းနိုင်ငံ အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်၏ သဘာပတိတရားသူကြီးချုပ် H.E. Mr. Adisak Tantiwong ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်း၏ အထွေထွေညီလာခံ၊ (၄၇) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်းအုပ်ချုပ်မှု ကောင်စီအစည်းအဝေးနှင့် အာဆီယံဥပဒေရေးရာ ညီလာခံ ၂၀၂၆ တို့သို့ မြန်မာနိုင်ငံအာဆီယံဥပဒေ ပညာရှင်အသင်း၏ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့်အဖွဲ့ တက်ရောက်သည်။

အခမ်းအနားတွင် အာဆီယံဥပဒေပညာရှင်များ အသင်းနာယက H.E. Tun Tengku Maimum binti Tuan Mat ကလည်းကောင်း၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် H.E. Nararya S. Soeprapto ကလည်းကောင်း၊ ထိုင်းနိုင်ငံ အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ တရားလွှတ်တော်၏ သဘာပတိတရားသူကြီးချုပ် H.E. Adisak Tantiwong က လည်းကောင်း အဖွင့်အမှာစကားပြောကြားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌများ၊ အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများနှင့် ဥပဒေပညာရှင်များ တက်ရောက်သည်။

မြန်မာနိုင်ငံ အာဆီယံဥပဒေပညာရှင်အသင်း၏ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဆွေးနွေးပြောကြားရာတွင် အာဆီယံဥပဒေ ညီလာခံ ၂၀၂၆ ၏ ခေါင်းစဉ်မှာ “ပြည်သူလူထု၊ ကမ္ဘာ၊ လက်တွဲပူးပေါင်းမှု” (People. Planet. Partnership)ဖြစ်ကြောင်း၊ အဆိုပါညီလာခံ၌ အာဆီယံနိုင်ငံများအလိုက် သရုပ်ပြတရားခွင်ပြိုင်ပွဲများ ကျင်းပခြင်း၊ အာဆီယံ အနုညာတစီရင်ဆုံးဖြတ်ခြင်းတို့အပြင် အာဆီယံအနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံနိုင်ငံများအကြား လိုက်လျောညီညွတ်မှုရှိစေရေးနှင့် စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲများကျင်းပခြင်း၊ အာဆီယံဥပဒေပညာရှင်များအသင်းနှင့် အာဆီယံတရားသူကြီးချုပ်များ အစည်းအဝေးအား ပူးတွဲကျင်းပခြင်း၊ ထို့ပြင် ဥပဒေရေးရာခေါင်းစဉ်များအလိုက် ဥပဒေနှင့် လိင်ခွဲခြားမှုမရှိခြင်း၊ ဥပဒေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဥပဒေနှင့် စီးပွားရေး၊ ဥပဒေနှင့် နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးပွဲများ စသည်တို့ကို ကျင်းပခြင်းဖြစ်ကြောင်း၊ အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲများအား ကျင်းပခြင်းအားဖြင့် အာဆီယံနိုင်ငံများနှင့် ကမ္ဘာအရပ်ရပ်မှ တရားရေးနှင့် ဥပဒေပညာရှင်များ၊ ဥပဒေ ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ မူဝါဒရေးဆွဲ သူများ၊ တက္ကသိုလ်များမှ ဥပဒေရေးရာပညာရှင်များ၊ ဥပဒေကျောင်းသား ကျောင်းသူများအကြား ဥပဒေရေးရာစိန်ခေါ်မှုများ၊ ဥပဒေပြဿနာများကို ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်၍ ဆွေးနွေးနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အာဆီယံဥပဒေပညာရှင်များ အသင်းသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံဥပဒေ ပညာရှင်များအသင်းကို ၂၀၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် မြန်မာနိုင်ငံ အာဆီယံဥပဒေပညာရှင်များအသင်းအား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကာ အာဆီယံဥပဒေပညာ ရှင်များအသင်း၏ အခမ်းအနားများ၊ အစည်းအဝေးနှင့် အစီအစဉ်များတွင် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံအစိုးရ၏ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအရာရှိများအား ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်စေ ရန်၊ ဖြောင့်မတ်မှန်ကန်၍ မျှတသော တရားစီရင်ရေး စနစ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဥပဒေအရာရှိ ကျင့်ဝတ်နှင့်မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ ထုတ်ပြန်လိုက်နာ ကျင့်သုံးလျက်ရှိကြောင်း၊ ရှေ့ပြေးဥပဒေရုံးများ (Pilot Law Office)မှ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေးအတွက် အညွှန်းကိန်းတစ်ရပ်အနေဖြင့် ပြည်သူများ ယုံကြည်ကိုးစားမှုရရှိရန်လည်း အရေးကြီးသဖြင့် “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်ဖြင့် မဟာဗျူဟာစီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment