Thursday, July 16, 2026

ဆိုလာစနစ်ဆိုတာ ကမ္ဘာမြေကြီးက လူသားတွေအားလုံးကို အညီအမျှပေးထားတဲ့ အမြဲတမ်းမကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်

 

ဦးအောင်သူထွန်း

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် နေရောင်ခြည်စွမ်းအင် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် နေပြည် တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။





အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့် ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆိုလာနည်းပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများအား တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဦးအောင်သူထွန်း Executive Director ၊ Head of Power Systems ၊ ZEYA & ASSOCIATES Co., Ltd.

ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ဓာတ်အားကို ဆိုလာကနေ ပိုမိုအကျိုးရှိရှိနဲ့ effective ဖြစ်အောင် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဆွေးနွေးပွဲတက်ရောက်လာတဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးချက်တွေ၊ အကြံဉာဏ်တွေကို လာရောက်လေ့လာတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဆိုလာ စီမံကိန်းတွေ ထပ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာဆိုင်ရာလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး အရည်အသွေးကောင်းတဲ့ ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို ဆောင်ရွက်နေတာလည်းရှိပါတယ်။ ဆိုလာစနစ်ဆိုတာ ကမ္ဘာမြေကြီးက လူသားတွေအားလုံးကို အညီအမျှပေးထားတဲ့ အမြဲတမ်းမကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီစွမ်းအင်ကို ကျွန်တော်တို့က အကျိုးရှိရှိအသုံးချနိုင်ရင် တစ်နိုင်ငံလုံးလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအားကို အချိန်တိုအတွင်းမှာ အမြန်ဆုံးရရှိနိုင်မှာ ဖြစ်ပါတယ်။

ဦးထောင်းဇိုခိုင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန

ဒီနေ့ဆွေးနွေးပွဲမှာ ဆိုလာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆိုလာ စွမ်းအင်ကို စနစ်တကျနဲ့ တစ်ပိုင်တစ်နိုင် ဘယ်လိုအသုံးချမလဲ၊ တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ထုတ်လုပ်နိုင်မှုတွေနဲ့ ဓာတ်အားစနစ် မရောက်သေးတဲ့နေရာတွေမှာလည်း ဘယ်လို အသုံးချနိုင်မလဲဆိုတဲ့ အဖြေတွေရရှိဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးတော့ ဆွေးနွေးပွဲမှာ ဓာတ်အားထုတ်လုပ်တဲ့ အခြေအနေတွေမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဆိုလာဓာတ်အားပေးစက်ရုံတွေ ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတဲ့ အချက်တွေ၊ နောက်ပြီး ဓာတ်အားစနစ်အတွင်းမှာ ဆိုလာပါဝင်မှုရာခိုင်နှုန်းက သင့်တင့်မျှတတဲ့ အနေအထားဖြစ်ဖို့၊ အိမ်သုံးဆိုလာစနစ်တွေ ကိုစနစ်တကျနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေမှာ ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရေးနဲ့ လျှပ်စစ်ဓာတ်အားစနစ်ရဲ့ တည်ငြိမ်စိတ်ချရမှုကို ထိန်းသိမ်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ထွက်ပေါ်လာတဲ့မူဝါဒ၊ လမ်းညွှန်ချက်တွေအပေါ် ကျွန်တော်တို့အနေနဲ့ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

​ဦးကောင်းဆက်သူ

Huawei Top Partner, SEC Solar

ကျွန်တော်တို့အနေနဲ့ လူနေအိမ်တွေ၊ ဌာနဆိုင်ရာတွေ၊ စက်မှုလုပ်ငန်းတွေအတွက် ဆိုလာစနစ်တွေ ဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ ပြည်သူတစ်ဦးချင်းစီသုံးနိုင်တဲ့ အိမ်သုံးဆိုလာ product တွေကိုလည်း ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့ကို ဆက်သွယ်လာပြီဆိုရင် တစ်အိမ်ချင်းစီမှာ လိုအပ်တဲ့ စွမ်းအင်ပမာဏအပေါ်မူတည်ပြီး ပစ္စည်းတွေ အကုန်မှာယူလို့ရပါတယ်။ ဆိုလာကတော့ သန့်စင်တဲ့ green energy ဖြစ်ပါတယ်။ ပြီးရင် ဆိုလာဘက်ထရီသက်တမ်းတွေက အခုဆိုရင်နှစ် ၂ဝ ကနေ ၂၅ နှစ်အထိ အသုံးခံနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဆိုလာစွမ်းအင်ကို ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာ အကြံပြုချင်ပါတယ်။

ဦးဇေယျာဝင်း

Head of Department ၊ Myanmar Padauk Power Co.,Ltd.

လက်ရှိ ဆိုလာစနစ်ဆောင်ရွက်လာတဲ့အခါမှာ လျှပ်စစ်မီးတွေ ပိုမိုရရှိလာပြီး နိုင်ငံတော်အတွက် အထောက်အကူလည်း ဖြစ်စေပါတယ်။ အခုဆိုရင် အိမ်တွေ၊ စက်ရုံတွေမှာ တစ်ပိုင်တစ်နိုင်ဆိုလာလေးတွေကို တပ်ဆင်ပြီးတော့ အသုံးပြုလာကြပါပြီ။ ကျွန်တော်တို့အနေနဲ့မဟာ ဓာတ်အားလိုင်းမရတဲ့နေရာတွေမှာ ဆိုလာစနစ်တွေ တပ်ဆင်ဆောင်ရွက် သွားဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ဆိုလာစနစ်ကို အသုံးပြုမယ့်သူတွေအတွက် စဦးတပ်ဆင်ကုန်ကျစရိတ်ရှိပေမယ့် zero carbon ဖြစ်ပါ တယ်။ ရေရှည်အတွက် အကျိုးရှိတဲ့အတွက် သန့်စင်တဲ့ စွမ်းအင်ဖြစ်တာမို့ အသုံးပြုသင့်ပါတယ်။

ဦးဟန်ဇော်

အထွေထွေမန်နေဂျာ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း

ဒီနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကတော့ ကျွန်တော်တို့အတွက် အများကြီးအကျိုးရှိတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေအရဒီ green energy ကနေဓာတ်အား ကွန်ရက်ကို အထောက်အကူပြုနိုင်မယ့်နည်းလမ်းတွေ အသုံးပြုပြီး ကိုယ်ပိုင်လည်း ထုတ်လို့ရမယ်၊ နောက်ပြီး နိုင်ငံတော်ရဲ့ grid နဲ့လည်း ချိတ်ဆက်ပြီးတော့ သုံးစွဲလို့ရမယ့်ဆိုလာစနစ်ကို အဓိကဦးစားပေး ဖော်ဆောင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဆိုလာရဲ့ သဘာဝကိုက တစ်ပိုင်တစ်နိုင်လုပ်လို့ရတယ်။ အိမ်ထောင်စုတစ်ခုချင်းစီကနေ နိုင်ငံတော်အဆင့်အထိ သန့်စင်တဲ့စွမ်းအင်အဖြစ် အသုံးပြုဆောင်ရွက်နိုင်တယ်ဆိုတာကို အသိပညာပေးမျှဝေတဲ့ သဘောလည်းပါပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လက်ရှိဌာနမှာ သုံးနေတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လိုချိတ်ဆက်ပြီး လုပ်ရမယ်၊ နည်းပညာပိုင်းအရ ဘာတွေလိုအပ်တယ်ဆိုတာတွေကို လဲ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒေါ်မြမြအေး မန်နေဂျင်းဒါရိုက်တာ၊

ကောင်းကျော်စေ အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက်

ဆိုလာစွမ်းအင်က နေရောင်ခြည်ကရတာဖြစ်တဲ့အတွက် သန့်ရှင်းတဲ့ စွမ်းအင်ဖြစ်တယ်။ တွင်းထွက်ရေနံက အကန့်အသတ်စွမ်းအင်ဖြစ်ပြီး တော့ ရှားပါးလာတဲ့ အနေအထားဖြစ်ပါတယ်။ ဆိုလာက တစ်အိမ်ချင်း လွယ်လွယ်ကူကူ တပ်ဆင်အသုံးပြုလို့ရတယ်။ အိမ်တစ်အိမ်မှာ ၃ ကီလိုဝပ် သုံးမယ်ဆိုရင် ၅ ကီလိုဝပ်ဆိုလာစနစ် တပ်ဆင်ထားလိုက်တာနဲ့ လွယ်လွယ်ကူကူ အသုံးပြုလို့ရတယ်။ ပြည့်ဖြိုးမြဲ စွမ်းအင်တိုင်းမှာ အားသာချက်အားနည်းချက်ရှိတယ်။ ကျွန်မတို့ ဆိုလာစနစ်စလုပ်တဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်က ဆိုလာဆိုတာ ပြည်သူတွေကြားမှာ ရင်းနှီးမှုမရှိသေးသလို စီးပွားရေးအရလည်း တွက်ခြေမကိုက်သေးပါဘူး။ ဆိုလာပြားတွေ၊ အင်ဗာတာတွေကလည်း ဈေးကြီးပါသေးတယ်။ အဲဒီအချိန်အခါက ကျွန်မတို့အနေနဲ့ သန့်ရှင်းတဲ့စွမ်းအင်တစ်ခုအဖြစ် နည်းပညာ မျှဝေမှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ အခုကတော့ ဆိုလာပြားတွေ၊ အင်ဗာတာတွေက ဈေးနှုန်းသက်သာလာတယ်။ မဟာဓာတ်အားလိုင်း မရောက်သေးတဲ့ နေရာတွေအတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်လာတယ်။ ကျွန်မတို့ နိုင်ငံရဲ့စွမ်းအင်ကဏ္ဍတိုးတက်ဖို့အတွက် ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို နောင်မျိုးဆက်သစ်လူငယ်တွေကို လည်း ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး မြှင့်တင်ကြိုးစားပေး ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

သတင်းအဖွဲ့

No comments:

Post a Comment