ကျွန်းလှ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ကျေးရွာအနီးမူးမြစ်ပေါ်တွင် တည်ရှိသော သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ပြည့်မီစွာဆည်ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခုနှစ်မှာ သဖန်းဆိပ်ဆည်ရဲ့ ရေသိုလှောင်ထားတဲ့အခြေအနေအရ မိုးစပါးလျာထားဧက ပြည့်မီအောင် ဆည်ရေပေးဝေနိုင်မှာ ဖြစ်ပေမယ့် ပန်းတိုင်အထွက်နှုန်းရဖို့အတွက် စိုက်ပျိုးမြေဧရိယာတွေကို တူးမြောင်းကတစ်ဆင့် စိုက်ပျိုးရေပေးဝေတာပါ။ အဲဒီလိုပေးဝေရာမှာ တချို့ရေပေးမြောင်းတွေမှာ ပေါင်းပင်တွေ၊ ဒိုက်အမှိုက်တွေပိတ်တဲ့အတွက် တူးမြောင်းထဲမှာ လိုအပ်တဲ့ရေပမာဏအပြည့် ပေးဝေနိုင်ဖို့ ရေသွားလမ်းရှင်းတဲ့လုပ်ငန်းတွေနဲ့ သဲနုန်းတူးဖော်ပြီး ပုံစံကျပြန်လည်ပြုပြင်တဲ့ လုပ်ငန်းတွေရှိသလို ရေပေးဝေရေးအထောက်အကူပြု အဆောက်အအုံပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို လုပ်ငန်းလိုအပ်ချက်နဲ့အညီ ဆောင်ရွက်နေပါတယ်”ဟု ရွှေဘိုမြို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကောင်းမြတ်အောင်က ပြောသည်။
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရေပမာဏ ၁၄၅၀၀၀၀ ဧကပေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိပြီး မိုးစပါးစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည့်အပြင် လာမည့်နွေစပါးနှင့် နွေသီးနှံများအတွက်ပါ စိုက်ပျိုးရေတစ်စိတ်တစ်ပိုင်းသိုလှောင်ထားရှိနိုင်မည် ဖြစ်သည်။
၂၀၀၁ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော သဖန်းဆိပ်ရေလှောင် တမံအလျားသည် ၂၂၅၈၇ ပေရှိပြီး အဓိကမြောင်းမကြီးလေးမြောင်းမှ တစ်ဆင့် ခရိုင်ငါးခု၊ မြို့နယ်ကိုးခုရှိ စိုက်ပျိုးမြေဧက ငါးသိန်းနီးပါးအတွက် နှစ်စဉ်စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ မြောင်းအဆုံးရှိ ရွှေဘိုမြို့မဟာနန္ဒာကန်တော်သို့လည်း မြို့လူထုရှစ်သောင်းကျော်အတွက် နေ့စဉ်ရေဂါလန် ၂၂ သိန်းခန့် သောက်သုံးရေဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:
Post a Comment