နေပြည်တော် ဇူလိုင် ၂၇
တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
အဆိုပါ ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်
တပ်မတော်စစ်ကြောင်းများသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဇွန်လ ၇ ရက်မှစ၍
ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ
ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက်အထိအား
လည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ
မြို့၊ ရွာများအား တစ်ခုပြီး တစ်ခု အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး
ယမန်နေ့ညနေပိုင်းတွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်သည့် ထင်းဇင်ရွာသစ်နှင့်
ထင်းဇင်ရွာဟောင်းတို့အား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ်
အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ
လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည်
ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်
အဆိုပါကျေးရွာများအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၌
ဘန်ကာများ ပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့်
အသုံးဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့် တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့်
အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကိုဖျက်ဆီးခြင်း၊
၎င်းတို့၏လုပ်ရပ်များကို မထောက်ခံသည့်ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို
ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့်
ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို
အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများနှင့် လမ်းတံတားများ
ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍
ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။








No comments:
Post a Comment