နေပြည်တော် ဇူလိုင် ၁၅
လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် ပညာရေဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” အား ပညာရေးဝန်ကြီးဌာနက ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ပြုလုပ်သည့်အစီအစဉ်သည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ၏အစီအစဉ်နှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များသိရှိနိုင်ရန် ရှင်းလင်းတင်ပြသွားမည့် အစီအစဉ်ဖြစ်ကြောင်း၊ ယခုအစီအစဉ်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပိုမိုသိရှိနားလည်ပြီး လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည်ပိုင်းတွင် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း၊ ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များ မျှဝေပေးခြင်းအစီအစဉ်ကို ကဏ္ဍများအလိုက် ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လိုပါက လူသားအရင်းအမြစ် ဖွံ့ဖြိုးရန်လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေသည့် နည်းလမ်းသည် ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်းစီ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက တစ်နိုင်ငံလုံး၏ စီးပွားရေး၊ လူမှုရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ဒီမိုကရေစီနှင့် လူမှုရေးတရားမျှတမှု၊ နည်းပညာခေတ်နှင့် လိုက်လျောညီထွေဖြစ်မှုစသည့် ယနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများကို ရင်ဆိုင်နိုင်ရေးအတွက် အလွန်ပင်အရေးပါကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍမြှင့်တင်ရေးသည် အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏အကြားတွင် ပညာရေး၏ ကွာဟမှုမြင့်မားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ကြသည့် ကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်ကြောင်း၊ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲသည့်အခါ အတိမ်းအစောင်း အနည်းငယ်သည်ပင်လျှင် ကြီးစွာသော သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမြော်အမြင် ကြီးမားသည့်နိုင်ငံ့ ခေါင်းဆောင်တိုင်းသည် ပညာရေးကဏ္ဍတိုးတက်အောင် အဘက်ဘက်က အားပေးဆောင်ရွက်လျက်ရှိကြကြောင်း။
ဥပဒေပြုရေးမဏ္ဍိုင်သည် နိုင်ငံတော်အတွက်အရေးပါသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် စပ်လျဉ်းသောဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၏ အလွန်အရေးကြီးသည့် အကြောင်းအရာများ ပါဝင်ကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့အရည်အသွေးမြှင့်တင်ရေးကို စဉ်ဆက်မပြတ် လေ့ကျင့်တည်ဆောက်ရမည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲမှ ကိုယ်စားလှယ်များ၏ စွမ်းရည်ကို ပိုမိုပြည့်စုံကောင်းမွန်လာရန် များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း။
ကိုယ်စားလှယ်များအနေဖြင့် ယနေ့ပညာရေး ကဏ္ဍမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာ၊ ဗဟုသုတများကို မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် အကျိုးရှိစွာပြန်လည် အသုံးချပြီးနိုင်ငံနှင့်ပြည်သူက အားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်များဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ မူဝါဒများ၊ စံတန်ဖိုးများ၊ ပညာရေးဝန်ကြီး ဌာနဖွဲ့စည်းပုံ၊ ပညာရေးမြှင့်တင်မှုမဟာဗျူဟာများ၊ ကျောင်းများဖွင့်လှစ်ခြင်း၊ ကျောင်းသားမိဘများ၏ ပညာရေးကုန်ကျစရိတ်လျှော့ချပေးရေး၊ တိုင်းရင်း သားဘာသာစကားသင်ကျောင်းများကို အားပေး ပံ့ပိုးရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားပေးပံ့ပိုးရေး၊ ကျောင်းပြင်ပမူလတန်းပညာ ရေး အစီအစဉ်၊ ကျောင်းပြင်ပအလယ်တန်း ပညာ ရေးအစီအစဉ်၊ ဆရာအသစ်ခန့်အပ်မှု၊ ကျောင်းများ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာ့ပညာရေးရုပ်သံထုတ်လွှင့်နေမှု၊ Naypyitaw State Academy တည်ထောင်ဖွင့်လှစ်ခြင်း၊ ဘာသာရပ်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ BA(Law), BA(Eco) သင်တန်းများဖွင့်လှစ်ရေး၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ ပါရဂူဘွဲ့သင်ကြား နေသောဘာသာရပ်များ၊ ဆရာများဖြည့်ဆည်းရေးအတွက် လေ့ကျင့်ပေးသည့် ပညာရေးတက္ကသိုလ်/ဒီဂရီကောလိပ်များ၊ ဆရာ ဆရာမများဖြည့်ဆည်းရေးအတွက် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၊ မဟာဝိဇ္ဇာ/ မဟာသိပ္ပံ(ပညာရေး)ဘွဲ့ သင်တန်း တက်ရောက်ရန် လျာထားကျောင်းသားစာရင်း၊ တက္ကသိုလ်အသစ်ဖွင့်လှစ်ရာတွင် အနိမ့်ဆုံးလိုအပ်သော သတ်မှတ်ချက်များ၊ လူတိုင်းအကျုံးဝင်ပညာရေး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများဖွင့်လှစ်ခြင်း၊ University of Distance Education တို့နှင့် စပ်လျဉ်း၍လည်းကောင်း။
ပညာရေးသင်ယူမှုအခွင့်အလမ်းဖွင့် တက္ကသိုလ် (Open University)၊ ဘဝတစ်သက်တာလေ့လာ သင်ယူနိုင်မှုမြှင့်တင်ရေး၊ ကျောင်းသားဗဟိုပြု လေ့လာ သင်ယူမှုအပေါ် အလေးထားဆောင်ရွက်ရေး၊ အပြန်အလှန်သင်ကြားသင်ယူမှု (Interactive Teaching and Learning)၊ ဆရာ ဆရာမများစွမ်းရည်မြင့်မားရေး၊ ပညာရေးဝန်ထမ်းများအား ခံစားခွင့်ချီးမြှင့်ခြင်း၊ သင်ရိုးညွှန်းတမ်း ပြုပြင်မွမ်းမံရေး၊ သာသာ၊ စာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်းများ ပို့ချနေမှု၊ အွန်လိုင်းစနစ်ဖြင့် ကျောင်းသားမှတ်ပုံတင်ခြင်းနှင့် ငွေပေးသွင်းခြင်း စနစ်၊ သင်ယူမှုစီမံခန့်ခွဲရေးစနစ်(LMS) ဆိုင်ရာ အနာဂတ်အစီအစဉ်များ၊ AI + ပညာရေးပေါင်းစပ်အသုံးချမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ နှစ်အလိုက်အောင်ချက်ရာခိုင်နှုန်း၊ အနာဂတ်မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ စစ်ဆေးအကဲဖြတ်ခြင်း၊ ထူးချွန်သူများကိုချီးမြှင့်ရေး၊ လူရည်ချွန်စီမံကိန်း၊ အားကစားနှင့်ပညာရေးပေါင်းစပ် သင်ကြားရေး၊ သုတေသနအားပေးဆောင်ရွက်ရေး၊ ဒီဂျစ်တယ်ပညာရေး၊ လက်ရှိပညာရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ့ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment