Monday, July 13, 2026

ရာသီဥတုပြောင်းလဲဖောက်ပြန်မှု သဘာဝဘေးအန္တရာယ်သတိပြု


 

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များသည် လက်ရှိ၌ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်လ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေနိုင်ပြီး ၂၀၂၆ ခုနှစ် အကုန်ပိုင်းတွင် အားအလွန်ကောင်းသော စူပါအယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့််မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ကမ္ဘာတစ်ဝန်းတွင် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်လာမှု မူမမှန်ခြင်း၊ လာမည့်နွေကာလများတွင် နေ့အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ အယ်လ်နီညိုဖြစ်စဉ်သည် လက်ရှိကာလ အင်အားအသင့်အတင့်ရှိနေချိန်တွင် ကမ္ဘာ့အရှေ့ခြမ်း၌ မိုးရွာသွန်းမှု မူမမှန်ခြင်းဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားစေခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။ မိုးသည်းထန်စွာရွာသွန်းမှုများ ယခုရက်သတ္တပတ်အတွင်း ပိုမိုဖြစ်ပေါ်နေပြီး လာမည့်ရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ကမ္ဘာ့အနောက်ခြမ်း ဥရောပနိုင်ငံများတွင် အပူချိန်မြင့်မားမှုကြောင့် အပူဒဏ်အန္တရာယ်ကို ပြည်သူများခံစားကြရပြီး အချို့ပြည်သူများ အသက်သေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့အရှေ့ခြမ်း အချို့နိုင်ငံများတွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်။

ဇူလိုင်လ ၁၁ ရက်နေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် ဇူလိုင် လ ၁၂ ရက်နေ့ နံနက်မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အမြင့်ကိုးပေမှ ၁၂ ပေခန့်အထိ ရှိနိုင်သည်။

မြန်မာနိုင်ငံအနေဖြင့် အထူးသတိပြုရမည်မှာ လက်ရှိအခြေအနေတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်နှင့် ရာသီဥတုမူမမှန်မှုကြောင့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးဖြစ်စဉ်များနှင့် မိုးရာသီကုန်ဆုံးသည့်အခါတွင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အအေးလွန်ကဲခြင်းမဖြစ်ခဲ့လျှင် အပူလွန်ကဲမှုကို အထူးသတိပြု၍ ကြိုတင်ကာကွယ် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ်ကုန်ပြီးနောက် ၂၀၂၇ ခုနှစ်ကာလအထိ ကြီးကြီးမားမားသက်ရောက်မှုရှိမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသဖြင့် ရေကြီးရေလျှံမှုနှင့် အပူဒဏ်ကာကွယ်ရေးကို ရေရှည်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ယခုကာလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသများတွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်နှင့် အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်များကို သတိပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် ရုတ်တရက်ရေကြီးခြင်းအန္တရာယ် ဖြစ်နိုင်ခြေရှိသောဒေသများ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။         

No comments:

Post a Comment